Wednesday, December 4, 2013

အနုပညာရှင်များ မူးယစ်ဆေး ကိစ္စ လျှို့ဝှက်ချက် ဖွင့်ဟမှု ဖေ့စ်ဘွတ်ခ်၌ ဖြန့်ဝေနေမှု အများဆန္ဒနှင့်အညီလုပ်မည်

ရန်ကုန်၊ ဒီဇင်ဘာ-၃
နာမည်ကြီးအနုပညာရှင်များ၏ တစ်ချိန်က မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာနှင့် လျှို့ဝှက်ထွက်ဆိုချက်များ အွန်လိုင်း စာမျက်နှာများပေါ် တွင် ဖြန့်ဝေနေခြင်းကို ရပ်တန့်ပေးသွား ရန် မေတ္တာရပ်ခံ လိုက်ပြီး ရပ်တန့်ခြင်းမရှိပါက အခြေအနေတစ်ရပ်အပေါ် အများဆန္ဒနှင့် အညီ ဆုံးဖြတ် ကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်၌ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ(၂)ဦးအေးကြူလေးက စံတော်ချိန်သို့ ပြောဆိုသည်။

ယခုဖြစ်ရပ်များသည် တစ်ချိန်က သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်းထား သည်များရှိခဲ့ပြီး ယင်းကို ထိပ်တန်း လျှို့ဝှက်ချက်အနေဖြင့် ထားရှိရမည်ဖြစ်သော်လည်း ယခုအခါ အွန်လိုင်းစာမျက်နှာများပေါ်သို့ ရောက်ရှိလာ ရုံမျှမက အချို့သော ပုဂ္ဂလိကသတင်းစာများနှင့် ဂျာနယ် များ၌ ကူးယူဖော်ပြလာသည်များ ရှိနေသည်။

ယင်းဖော်ပြချက်များကြောင့် မူးယစ်ဆေးဝါးနှင့် လုံးဝမပတ်သက်သည့် အနုပညာရှင်များအပြင် ပတ်သက် မှုရှိခဲ့သော်လည်း လမ်းမှန်ရောက်အောင် ကြိုးပမ်းနေကြ သော အနုပညာရှင်များ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်း ထိခိုက်နိုင်ကြောင်း သိရသည်။

" ပြောရရင် ဒီကိစ္စတွေက လွန်ခဲ့တဲ့ ငါးနှစ်လောက် ကတည်းက ဖြစ်ခဲ့ တာတွေပါ။ အခု ဒီကိစ္စကို လုပ်တဲ့ သူကို သိလည်းပဲ အမည်ဖော်ပြီးတော့ မပြောချင်ပါဘူး။ဒီဖြစ်ရပ်တွေ ပိုပြီးဆိုးလာရင်တော့ ဘာဆက် လုပ်ဖြစ်မယ် မပြောဖြစ်သေးဘူး။ သေချာတာကတော့ အများဆန္ဒနဲ့ ဆောင်ရွက်သွားမယ်။ အခုလိုဖြစ် လာတဲ့ အတွက်ကတော့ မူးယစ်ဆေးသုံးစွဲ မှုမရှိဘဲ အမည်ပါ နေတဲ့သူတွေရော၊ သုံးခဲ့ပေမယ့် အခု လမ်းမှန်ရောက်နေတဲ့ သူတွေရော နာမည်ပျက်တယ်။ နာမည်ကြီးတဲ့ သူတွေဆိုတော့ ပိုပြီး သတင်းက ကျယ်ပြန့်သွားတာပါ။ ပြောရရင်တော့ တော်တော်ကို မဖြစ်သင့်တဲ့လုပ်ရပ်ပါပဲ " ဟု ဦးအေးကြူလေး က ပြောကြားသည်။

အဆိုပါဖော်ပြချက်များသည် ယခု ရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ပျံ့နှံ့လာပြီး ရေပန်း အစားဆုံးနှင့် လူစိတ်အ၀င်စားဆုံးဖြစ်လာကြောင်း သိရသည်။ နာမည်ကြီး သရုပ်ဆောင်နှစ်ဦးဖြစ်သည့် စိုးမြတ် သူဇာနှင့် န၀ရတ်တို့၏ လျှို့ဝှက်ထွက်ဆိုချက်များကို ဖော်ပြပေးထားပြီး မူးယစ် ဆေးသုံး စွဲနိုင်ခြေရှိသည့် အနုပညာရှင် များစာရင်းကိုပါ ထည့်သွင်းထားသည့် အတွက် နာမည်ကြီးအနုပညာရှင်များ အနေဖြင့် ထိခိုက်နစ်နာမှုရှိနေကြောင်း သိရသည်။ ယခုကိစ္စနှင့် ပတ်သက်၍ အနုပညာရှင်များက ပြန်လည် ရှင်းလင်း မည့်ကိစ္စ မသေချာသေးကြောင်း သိရသည်။

"MZN တင်ပြချက်မှာပါတဲ့ ကျွန်မနဲ့ ပတ်သက်တဲ့ ဓာတ်ပုံ အပါ အ၀င် အကြောင်းအရာအားလုံးကို ကျွန်မ လုံးဝလက်မခံပါဘူး။ အစစ် အမှန်ဆိုတာကိုလည်း မယုံတဲ့အတွက် အသိအမှတ်လည်း မပြုပါဘူး။ ကျွန်မ ကတော့ ဒီအကြောင်း အရာနဲ့ပတ်သက် ပြီး ဘယ်သူ့ကိုမှ အနေခက်တာမျိုး မဖြစ်စေချင်သလို ဥပဒေနဲ့ စကားပြော ရတာမျိုးတွေအထိလည်း အလုပ်တွေ မရှုပ်ချင်ပါဘူး။ အဲဒါကြောင့် ဒါနဲ့ ပတ်သက်ပြီး ပထမဆုံးနဲ့ နောက်ဆုံး ရှင်းပြတာပါ။ နောက်ဘယ်တော့မှ ရှင်းပြမှာမဟုတ်ပါဘူး။ ဒီအကြောင်း အရာနဲ့ ပတ်သက်ပြီး နာမည်ပါခဲ့တဲ့ အနုပညာ မောင်နှမများရှင့်။ ကျွန်မနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်ရ ခဲ့ကြတဲ့အတွက် ဒီနေရာကနေ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မကို နားလည် ပေးကြပါ " ဟု သရုပ်ဆောင် စိုးမြတ်သူဇာ ၏ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ဒီဇင်ဘာ ၂ ရက်ညက
ဖော်ပြထားသည်။

အဆိုပါပို့စ်တင်သူ Moe Zay Nyein ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်လည်း "ဒါတွေဟာ ရုံးဌာနတွေက လျှို့ဝှက်ထားရမယ့် ကိစ္စတွေမို့ ချမပြသင့်ဘူးလို့ ပြောတဲ့သူက ရှိပါသေးတယ်။ ဟုတ်ပါတယ်ခင်ဗျာ။ အများပြည်သူ တွေ မသိအောင် ၀ှက်ထားတဲ့သတင်းမို့ လို့ ကျွန်တော်က ချပြရတာပါ။ လူတိုင်း သိပြီးသားဆို အပင်ပန်းခံပြီး ရေးတင် စရာတောင် မလိုပါဘူးခင်ဗျာ။ နိုင်ငံ တကာမှာတော့ ဒီလိုကိစ္စမျိုးကို Investigation Journalism လို့ ခေါ်ဝေါ် ကြပါတယ်။ အစကတော့ ဆောင်းပါး ပုံစံမျိုးနဲ့ ကိုယ့်ဘာသာ ကိုယ် ပြန်ရေး မလို့ပါပဲ။ ဒါပေမဲ့ ကျွန်တော်က အရေး အသားမှာ မကျွမ်းကျင်တော့ ဒီအတိုင်းပဲ တင်ဖြစ် လိုက်ပါတယ် " ဟု ရေးသား ဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်သည် ယခု ရက် ပိုင်းတွင်း မြန်မာပြည်သူများကြားနှင့် အွန်လိုင်း စာမျက်နှာများပေါ်တွင် ပျံ့နှံ့ လျက်ရှိနေကာ ယခင်ဖြစ်ရပ်ဟောင်း တစ်ခုဖြစ်သော်လည်း လျှို့ဝှက်ချက် တစ်ခုကို ယခုကဲ့သို့ ပွင့်လင်းစွာ ဖတ်ရှု ရသည့်အတွက် ထူးခြားမှုရှိနေကြ ကြောင်း အွန်လိုင်းအသုံးပြုသူအများ အပြားက ပြောဆိုကြသည်။ ယခု ကိစ္စ တွင် နာမည်ကြီးသရုပ်ဆောင်များ၊ စစ် အာဏာရှင်များ၏ သားသမီးများ၊ ဆွေမျိုးသားချင်းများ ပါဝင်ပတ်သက် နေမှုရှိသဖြင့် အမှုပိတ်သိမ်းခဲ့ခြင်းဖြစ် ကြောင်းလည်း အဆိုပါ သတင်းဖြန့်သူ Moe Zay Nyein လူမှုကွန်ရက်စာ မျက်နှာ၌ ဖော်ပြသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့်လည်း မဖြစ်သင့်သည့် ကိစ္စ ရပ်တစ်ခု ဖြစ်သည့်အပြင် နာမည်ပါ သည့် အနုပညာရှင်များ ထိခိုက်နစ်နာ မှုတစ်စုံတစ်ရာ ဖြစ်နိုင်သောကြောင့် လိုအပ်ချက်အရ ယခုကဲ့သို့ ထုတ်ပြန် ချက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း သိရသည်။
ပြည့်ပြည့်၊ မေစနိုး
စံတော်ချိန် နေ့စဉ်သတင်းစာ