Sunday, December 22, 2013

ခမောက်ရက်လုပ်၍ မိသားစုဝင်ငွေရ

မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားတွင် ဝါးဖြင့်ရက်လုပ်သည့် ခမောက်များကို တွင်ကျယ်စွာအသုံးပြု ကြ၍ ခမောက် ရက်လုပ်ရောင်းချ သူများမှာ ဤလုပ်ငန်းဖြင့် ဝင်ငွေတိုးလျှက်ရှိသည်။ မကွေး တိုင်းဒေသကြီး ဂန့်ဂေါ ခရိုင် ဆောမြို့ ဇေယျာရပ် ကွက်ရှိ နေအိမ် တွင်မိသားစုတစ်စု ခမောက်ရက်လုပ်ကာ ဂန့်ဂေါခရိုင် အတွင်းရှိ မြို့နယ်များ၊ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့ နယ်များသို့တင်ပို့ရောင်း ချခြင်းဖြင့် အသက်မွေး ဝမ်းကြောင်းပြုလျှက် ရှိသည်ကိုတွေ့ရသည်။

ဆောမြို့နယ်အတွင်းရှိ ဆီမီးကျေးရွာနှင့် မကျီးစုကျေးရွာ များတွင် နေထိုင်သူအများစုသည် ခမောက် ရက်လုပ်ခြင်း လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကြောင်းပြုကြသည်ဟု သိရှိရပြီး အဆိုပါ ခမောက်ရက်လုပ်သူ မိသား စုတစ်စုသည် မကျီးစုကျေးရွာမှ ဆောမြို့ ဇေယျာရပ်ကွက်သို့ ပြောင်းရွှေ့လာကာ ခမောက်ရက် လုပ်ခြင်းဖြင့် အသက် မွေးဝမ်းကျောင်းပြုနေ သည်ကို တွေ့ရသည်။

အဆိုပါခမောက်ရက်လုပ်သူအများစုသည် လက်လုပ် လက်စားများဖြစ်၍ ငွေကြေးအရင်းအနှီး နည်းပါး မှုရှိသဖြင့် ရက်လုပ်သော ခမောက်များကို မြို့ပေါ်ရှိကုန်သည်များမှတစ်ဆင့် ဖြန့်ဖြူးရောင်းချကြသည်။ ခမောက် တစ်လုံး ရဖို့အတွက် အုံတုံ၊ ရေအိုး၊ ရေခွက်၊ ဓါး၊ သိုက်ဝါး၊ ကြသောင်းဝါး၊ မျှင်ဝါး၊ ပေရွက်နှင့် ချည်ကြိုးစသည် များလို အပ်သည်။ ခမောက် တစ်လုံးရက်လုပ်ပြီးမြောက်ရန်မှာ တစ်ဦးတည်းဖြင့်ဆောင် ရွက်၍ မပြီးဘဲ နှီးဖျာသူ၊ ရက်လုပ်သူ၊ ပေရွက်ထိုးသူ၊ ချည်ကြိုးဖြင့်အနားကွပ်သူ အစရှိ သဖြင့်ကျွမ်းကျင် မှုအလိုက် လူ ၅ ဦးခန့်ဝိုင်းဝန်း ဆောင်ရွက်မှ အလုပ်ပြီးမြောက် သည့် မိသားစုလုပ်ငန်းဖြစ်သည်။

ခမောက်ရက်လုပ်ရန် ဝါးမှအစလိုအပ်သည်များ ကိုယ်တိုင် ရှာဖွေဆောင်ရွက်ခြင်းဖြစ်ပြီး ကုန်ကျမှုကို မပြော တတ် သော်လည်း ဖောက်သည်ရောင်းဈေး ၁၁၀၀ ကျပ်ဝန်း ကျင်ဖြင့်ရောင်းရကြောင်း၊ သိုက်ဝါး နှီးမှာ ခမောက် ရက်လုပ်ရန် အတွက်ဖြစ်ပြီး၊ မျှင်ဝါးနှီးမှာခမောက်အနားကွပ်အတွက်ဖြစ်ကြောင်း၊ လူ ၅ ယောက် စုပေါင်း လုပ်ဆောင်လျှင် တစ်နေ့ ၁၀ လုံးပြီးစီးနိုင်ကြောင်း၊ ခမောက်သည် တောင်သူလယ် ယာလုပ်သူများ အများစု အသုံးပြုကြ၍ အပူဒါဏ်ကို ကာကွယ်ပြီး အေးမြသော အရိပ်ကို ပေးဆောင်နိုင်ရာ သမ္မာ အာဇီဝကျ သည့် လုပ်ငန်းဖြစ်သည့်အတွက် ခမောက်ရက် လုပ်ရခြင်း လုပ်ငန်း အတွက် ဂုဏ်ယူုမိကြောင်း အဆိုပါ ခမောက် ရက်လုပ် သူမိ သားစုမှ မသူဇာထွေးက ပြောကြားသည်။
MOI Webportal Myanmar