Wednesday, December 4, 2013

မြစ်ဆုံတန်ဖရဲရွာတွင် ပြန်လည်နေထိုင်သူများကို ပုဒ်မ ၁၈၈ ဖြင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်

မြစ်ဆုံသွားသည့် ဆိုင်းဘုတ်အနီးတွင် အစိုးရမြေဖြစ်ကြောင်း ဆိုင်းဘုတ်စိုက်ထူထားသည်ကို တွေ့ရစဉ်
မြစ်ကြီးနား Wednesday, December 4, 2013
မြစ်ဆုံ တန်ဖရဲရွာတွင် ဒေသခံများ ပြန်လည်နေထိုင်ခြင်း ရှိ၊ မရှိ မြစ်ကြီးနားအုပ်ချုပ်ရေး တာဝန်ရှိသူများက နိုဝင်ဘာ၂၉ ရက် တွင် လာရောက်စစ်ဆေးပြီး ပြန်လည်နေထိုင်သူများကို ပုဒ်မ  ၁၈၈ ဖြင့် တရားစွဲဆိုနိုင်ကြောင်း  ဒေသခံများအား ပြောဆိုခဲ့သည်ဟု သတင်းရရှိသည်။

““ခင်ဗျားတို့ကို နေစရာနေရာ ပေးထားပြီးပြီ။ ဒီမှာနေလို့မရတော့ဘူး”” ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးက ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောဆိုသွားကြောင်း အောင်မြင်သာဒေသခံတစ်ဦးက ပြန်လည်ပြောကြားသည်။
ယခုအကြိမ်သည် ပဏာမ လာရောက်စစ်ဆေးခြင်းဖြစ်ပြီး ထပ်မံ၍ လာရောက်ကြည့်ပါက အတည်တကျနေထိုင်သူများ တွေ့ရှိလျှင် ခံဝန်ကတိထိုးခိုင်း၊ ခံဝန်ကတိထိုးပြီး ပြန်လည်နေထိုင်သူများကို ပုဒ်မ ၁၈၈ ဖြင့် ဖမ်းဆီးမည်ဖြစ်ကြောင်း ပြောဆိုသွားသည်ဟု ဒေသခံတစ်ဦးက ပြန်လည်ပြောကြားသည်။

နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပခဲ့သော တိုင်းရင်းသားလက်နက်ကိုင်များနှင့် ၀န်ကြီး ဦးအောင်မင်းအပါအ ၀င် အစိုးရအဖွဲ့များ ဆွေးနွေးပွဲအပြီး မြစ်ဆုံသို့ အလည်သွားရောက်ချိန်တွင် အောင်မြင်သာဒေသခံများ တန်ဖရဲကျေးရွာ၌ ပြန်လည်နေထိုင်နေသည်ကို တွေ့ရှိခဲ့သည့်အတွက် မြစ်ကြီးနားအုပ်ချုပ်ရေး တာဝန်ရှိ သူများအား သွားရောက်စစ်ဆေးရန် မှာကြားထား၍ ယခုကဲ့သို့ သွားရောက်ကြည့်ရှုရခြင်းဖြစ်ကြောင်းလည်း သိရသည်။

““ထိုနေရာက ကန့်သတ်နယ်မြေ ပုဒ်မ ၁၄၄၊ ပုဒ်မ ၁၈၈ ရှိတဲ့ နေရာပါ။ ဥပဒေကို လာရောက်ရှင်းပြ တာပါ။ နောက်မှ ပြန်နေရပြီဆိုရင်နေပေါ့”” ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ဆိုသည်။

ဒေသခံများသည် ၎င်းတို့အား ပြောင်းရွှေ့နေထိုင်စေသည့် အောင်မြင်သာရွာတွင် လုပ်ကိုင်စားသောက်ရန် အခက်အခဲများစွာရှိသဖြင့် မူလနေရပ် တန်ဖရဲကျေးရွာသို့ သွားရောက်ကာ လုပ်ကိုင်စားသောက် လျက်ရှိသည်။
7Daiy Daily