Friday, December 27, 2013

လက်ကျန် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် လွတ်မြောက်ရန် နိုင်ငံတော် သမ္မတထံ တင်ပြ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇
နိုင်ငံရေး အကျဉ်းသားအားလုံး ဒီဇင်ဘာလ အကုန်တွင် အပြီးတိုင် လွတ်မြောက်ရန်အတွက် အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော လက်ကျန် နိုင်ငံရေး အကျဉ်းသား ၃၀ ကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့်ပြုရန် နိုင်ငံတော်သမ္မတထံ တင်ပြထားကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က ပြောကြားသည်။

လွတ်မြောက်ရန် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသား ၃၅ ဦးရှိပြီး နိုင်ငံရေးအမှုနှင့် အခြားပြစ်မှုများ ရောနှောနေသူများ ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“အခြားအမှုတွေ ရောနှောနေလို့ သူတို့က နောက်ဆုံးအနေနဲ့ ကျန်နေတာပါ” ဟု ၎င်းကဆိုသည်။

အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို စိစစ်ရာတွင် အကျဉ်းကျစဉ် နိုင်ငံရေး အမှုများအပြင် အခြားရာဇဝတ်မှုများဖြင့် အမိန့်ချခံခဲ့ရသူများ ပါရှိနေကြောင်း နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထံမှ သိရသည်။

အကျဉ်းထောင်အတွင်း နှစ်ရှည် ပြစ်ဒဏ်ကျ ခံနေရသူများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဝင်များကို လူသားချင်း စာနာမှုဖြင့် လွှတ်ပေးရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြမှုများ ရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ ဦးစိုင်းညွှန့်လွင်က ပြောကြားသည်။

အဆိုပါ အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအပြင် နိုင်ငံရေး တက်ကြွလှုပ်ရှားမှုဖြင့် တရားစွဲဆိုခြင်း ခံထားရသူများကို အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်နိုင်ရန် နိုင်ငံတော်သမ္မတထံ တင်ပြထားကြောင်း နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထံမှ သိရသည်။

အကျဉ်းထောင်များ အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မကုန်မီ လွှတ်ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြား ထားသော်လည်း အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီးထောင်ချမှုများ ရှိနေသောကြောင့် နိုင်ငံရေး အကျဉ်းသားများ အကြွင်းမဲ့ လွတ်မြောက်ရေးမှာ မဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများကို ၁၄ ကြိမ် လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၃၀၀ ကျော် လွတ်မြောက်လာကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ထုတ်ပြန် ကြေညာထားသည်။
The Voice Weekly