Thursday, December 19, 2013

လေအေးစီးကြောင်းကြောင့် နိုင်ငံတစ်ဝန်းအအေးပို

ဆောင်းနံနက်ခင်းတွင် လမ်းလျှောက်နေသူများ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ရန်ကုန် Friday, December 20, 2013
အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ လေအေးများ တိုးဝင်လာမှုကြောင့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  အအေးပိုမိုလာပြီး ဒီဇင်ဘာ ၁၈ ရက်က မော်လိုက်၊ ချောက်နှင့် သာယာဝတီမြို့များတွင် စံချိန်ကျိုးအောင် အအေးလွန်ကဲခဲ့ကြောင်း မိုး/ဇလဌာန ထုတ်ပြန်မှုများအရ သတင်းရရှိသည်။

““မြန်မာနိုင်ငံ အနောက်- အနောက်မြောက်ဘက်ကနေ ၀င်လာတဲ့ လေအေးစီးကြောင်းက ဆက်လက် ရှိနေသေးတာကြောင့်  နောက်လေးရက်နဲ့ ငါးရက်အထိ မြန်မာနိုင်ငံအနှံ့ အအေးပိုနိုင်သေးတယ်””ဟု မိုးဇလဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့တွင် ၁၉၉၉ ခုနှစ်က စံချိန်တင်ထားခဲ့သည့် ၈ ဒသမ ၅ ဒီဂရီစင် တီဂရိတ်ကို ၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ၁၉၉၉ ခုနှစ်က စံချိန် ၈ ဒသမ ၆ ဒီဂရီစင်တီဂရိတ် ကို ၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် လည်းကောင်း၊ ပဲခူး တိုင်းဒေသကြီး သာယာဝတီမြို့တွင် ၂၀၀၆ ခုနှစ်က စံချိန် ၈ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ကို ၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့်လည်းကောင်း  စံချိန်သစ်တင်ခဲ့ခြင်းဖြစ်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်လည်း ဒီဇင်ဘာ၏ ပျမ်းမျှအပူချိန်အောက် ကျဆင်းခဲ့ကြောင်း မိုး/ဇလဌာနက သတင်းထုတ်ပြန် ထားသည်။

ယခုသီတင်းပတ်အတွင်း ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အအေးဆုံးဖြစ်ခဲ့ပြီး အနုတ် ၂ ဒီဂ ရီစင်တီဂရိတ် အထိ ရောက်အောင် အအေးပိုခဲ့သည်။ ထို့အပြင် အဆိုပါဒေသတွင် လမ်းများ၊ သစ်ပင်နှင့် အဆောက်အအုံ များပေါ် ရေခဲသည်အထိ အအေးလွန်ကဲနေသည်။ ယင်းအခြေအနေကို ထူးခြားဖြစ်စဉ်အနေဖြင့် တာဝန်ရှိ သူအဆင့်ဆင့်သို့ တင်ပြထားကြောင်း ဟားခါးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

““ချင်းပြည်နယ်က ဆောင်းတွင်းဆို အရမ်းအေးလေ့ရှိပေမယ့် ဒီနှစ်လိုအေးတာ တစ်ခါမှ မကြုံဖူးဘူး။ ဒါကြောင့် ရာသီဥတုအခြေအနေကို သက်ဆိုင်ရာဌာနတွေဆီ သတင်းပေးပို့ထားတာပါ”” ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။

ထူးခြားသည့် ညအပူချိန်များအနေဖြင့် ဟားခါးမြို့တွင် အနုတ် ၂ ဒီဂရီစင်တီဂရိတ်၊ လွိုင်လင်မြို့တွင် အနုတ် ၁ ဒီဂရီစင်တီ ဂရိတ်၊ နမ့်စန်၊ ဟဲဟိုးနှင့် ပြင်ဦးလွင်မြို့တို့တွင် ၁ ဒီဂရီစင်တီ ဂရိတ်နှင့် လားရှိုးနှင့် မိုးကုတ်မြို့ တို့တွင် ၂ ဒီဂရီစင်တီဂရိတ်စီ ရှိခဲ့ကြောင်း မိုး/ဇလဌာနက ဒီဇင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
7Day Daily