Tuesday, December 3, 2013

ကမ္ဘာ့အလှဆုံး အလှမယ်တစ်ရာ စာရင်းတွင် ရွေးချယ်ခံရသည့် ခင်ဝင့်ဝါ


Tuesday, December 3, 2013
The Ideal Beauty ၀က်ဘ်ဆိုက်က ရွေးချယ်ထားသော ကမ္ဘာတစ်ဝန်းမှ အချောလှဆုံး အလှမယ်တစ်ရာစာရင်းတွင် Miss Supranational 2013 ပြိုင်ပွဲသို့   ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ခင်ဝင့်ဝါ ရွေးချယ်ခံထားရကြောင်း သတင်းရရှိသည်။

““ဒီလိုမျိုး ညီမပထမဆုံးပြိုင်ခဲ့တဲ့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲနဲ့ အခုလို အယောက် ၁၀၀ စာရင်းမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် အတိုင်းမသိ ၀မ်းသာပါတယ်။ ဘ၀မှာ မမေ့နိုင်တဲ့ အမှတ်တရပါပဲ”” ဟု ခင်ဝင့်ဝါက ပြောသည်။
၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတွင် အကျော်ကြားဆုံးနှင့် အဆင့်အတန်းမီ အလှမယ်ပြိုင်ပွဲများဖြစ်သော Miss World, Miss Universe, Miss Supranational, Miss Earth, Miss International, Mis Grand International 2013 အလှမယ်ပြိုင်ပွဲကြီးများအားလုံး၏ ပြိုင်ပွဲဝင် ၅၈၅ ဦးထဲမှ တစ်ရာကို စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထိုတစ်ရာဦးထဲမှ  ထပ်မံ၍အဆင့်ဆင့်ရွေးချယ်ကာ  ““ The Ideal Beauty's Most Beautiful Woman in 2013”” အဖြစ် ရွေးချယ်ခံရသူက စိန်သားဆုတံဆိပ် (Diamond Trophy)    ချီးမြှင့်ခံရမည်ဖြစ်သည်။
အဆိုပါ ၀က်ဘ်ဆိုက်ကို နိုင်ငံတကာအလှမယ်ပြိုင်ပွဲကိုယ်စားလှယ်များမှ ကျွမ်းကျင်သူများက တည်ထောင်ထားခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်မှ   စတင်၍   ““ The Ideal Beauty's Most Beautiful Woman”” ဆု ချီးမြှင့်ခဲ့ခြင်းဖြစ်ကာ ယမန်နှစ်က Miss Universe 2012 တောင်အာဖရိကအလှမယ်က ယင်းဆုကို ရရှိခဲ့သည်။

ထို့ပြင် ၂၀၁၄ ခုနှစ်အတွင်း လက်ထပ်ပွဲကျင်းပမည့် အကယ်ဒမီသက်မွန်မြင့်၏ မင်္ဂလာအခမ်းအနားတွင် ခင်ဝင့်ဝါက မင်္ဂလာပန်းကြဲအဖြစ်   ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ “ညီမကို မသက်မွန်က ပန်းကြဲဖို့ ကမ်းလှမ်းထားပါတယ်။ ကိုယ်ချစ်တဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်တယ်။ ပြီးတော့ အစ်မတစ်ယောက်လိုဖြစ်တဲ့အတွက် ကူညီသွားမှာပါ”ဟု ခင်ဝင့်ဝါကပြောသည်။
7Day Daily