Tuesday, December 31, 2013

နတ်ကိုးကွယ်သည့် အာခါတိုင်းရင်းသား ၂၀၀ ကျော် ဗုဒ္ဓဘာသာ ကူးပြောင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ်တွင် ဒီဇင်ဘာလ၂၈ ရက်နေ့က ဟွေကွယ်ကျေးရွာ အုပ်စု၊ တောင်ပေါ် ဒေသ ဝမ်မိုင်(အာခါ)ကျေးရွာမှ မိရိုးဖလာ နတ်ကိုးကွယ်သည့် အာခါတိုင်းရင်းသား ၂၀၀ ကျော်သည် ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ခံယူပြီး တိုင်းရင်းသား ၃၀ မှာ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြောင်း ကျေးရွာ ဒေသခံများနှင့် သာသနာ့ အလှူရှင်များ ဖြစ်ကြသည့် ကျိုင်းတုံမြို့၊ မုံလယ်ဓမ္မရိပ်သာ (အင်္ဂါနေ့ဆွမ်းအဖွဲ့) ထံမှ သိရသည်။

လူဦးရေ ၂၅၀ ကျော်ရှိသော ရွာတွင် လက်ရှိ ဗုဒ္ဓဘာသာ ခံယူခဲ့သူ ဦးရေ ၂၀၀ ကျော်ရှိပြီး ကျန် ၅၀ မှာ တရားဝင် ဗုဒ္ဓဘာသာအဖြစ် မခံယူသေးသော်လည်း ၄င်းတို့၏ သား၊ သမီးများကို ကိုရင်နှင့် သီလရှင်အဖြစ် ဝတ်ပေးခဲ့ကြောင်း ယုံကြည်မှုအရ ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲခဲ့ကြောင်း ဝမ်မိုင်(အာခါ)ကျေးရွာမှ ကိုရင်နှစ်ပါးနှင့် သီလရှင်တစ်ပါး၏ ဖခင်ဖြစ်သူ ရွာအကြီး အကဲ ဦးစွန်ဆာ(ခ) စိုင်းလာက ပြောဆိုသည်။

ဝမ်မိုင်(အာခါ)ကျေးရွာမှ အာခါ တိုင်းရင်းသား အချို့သည် ၂၀၀၇ ခုနှစ်က မိုင်းခွန်ကျေးရွာ အုပ်စု၌ ပြုလုပ်သည့် ဗုဒ္ဓဘာသာ ခံယူပွဲတွင် အခြားကျေးရွာများမှ အာခါနှင့် လားဟူတိုင်းရင်းသား များနှင့်အတူ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ဝင်ရောက်ခဲ့ဖူး ကြောင်းနှင့် ယခုထပ်မံ၍ ရွာလုံးကျွတ်နီးပါး ဗုဒ္ဓဘာသာအဖြစ်သို့ ခံယူပြီး ၄င်းတို့၏ သား၊သမီးများကို သာသနာ့ဘောင်သို့ သွတ်သွင်းပေး ခြင်း ဖြစ်ကြောင်း ယင်းမြို့နယ် ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း(ဗဟို) ဆရာတော် ဘဒ္ဒန္တတေဇနိယက မိန့်ကြားသည်။
"ကျိုင်းတုံမြို့နယ် မှာဆို ၁၉၉၇ ခုနှစ်ကနေ ယနေ့အထိ ဗုဒ္ဓဘာသာ အဖြစ် ခံယူခဲ့တဲ့ တိုင်းရင်းသားတွေက တစ်သောင်း ကျော်သွားပြီ။ ဗုဒ္ဓဘာသာဝင် ခံယူတဲ့ ရွာအားလုံးမှာတော့ သာသနာပြုကျောင်းတွေ မထားနိုင် သေးဘူး။ ခုနစ်ရွာ၊ ရှစ်ရွာ ပေါင်းပြီးမှ တစ်ကျောင်းသာ ထားနိုင်သေးတယ်။ တစ်မြို့နယ်လုံးမှာဆို ထေရဝါဒ ဗုဒ္ဓ သာသနာပြုကျောင်း ၂၀ ရှိတယ်" ဟု ဆရာတော်က ထပ်မံမိန့်ကြားသည်။

ကျိုင်းတုံမြို့ မုံလယ်ဓမ္မရိပ်သာ နာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစက္က ကလည်း "ပြီးခဲ့တဲ့နှစ်က ဦးပဉ္စင်းတို့ရိပ်သာက ကိုယ်တော်တစ်ပါးကို အဲဒီတောင်ပေါ်ရွာမှာ ကျောင်းထိုင်ဖို့ စေလွှတ်ခဲ့တယ်။ ဒီနှစ်မှာ ရွာသူ/ရွာသားတွေက ဗုဒ္ဓ ဘာသာ ခံယူပွဲနဲ့ သူတို့သား၊ သမီးတွေကို သာသနာ့ ဘောင်ထဲ သွင်းပေးချင်တယ်။ ရွာမှာလည်း ဘုရားတည်ချင်တယ် ပြောလို့ ရိပ်သာက ဒါယကာ၊ ဒါယိကာမတွေ စုပေါင်းပြီး အလှူ ပေးကြတာ။ ဘုရားကိုတော့ ရန်ကုန်မြို့၊ သန်လျင် သဘာဝတရားရိပ်သာ ဆရာတော်က ဦးစီးပြီး တည်မှာပါ" ဟု မိန့်ဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်သော ဗုဒ္ဓဘာသာ ခံယူပွဲတွင် ဝမ်မိုင်(အာခါ)ကျေးရွာမှ အာခါတိုင်းရင်းသား ၂၀၀ ကျော်သည် ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ခံယူခဲ့ပြီး ယောက်ျားလေး ၂၀ ဦးမှာ ရှင်သာမဏေအဖြစ်သို့ ကူးပြောင်းကာ မိန်းကလေး ၁၀ ဦးမှာ သီလရှင်အဖြစ်သို့ ကူးပြောင်းခဲ့ကြောင်း ဝမ်မိုင်(အာခါ)ကျေးရွာ၊ သာသနာပြု ဆရာတော် ဦးသုမင်္ဂလ၏ မိန့်ဆိုချက်အရ သိရသည်။
The Voice Weekly