Sunday, December 8, 2013

အင်ဒိုနီးရှား အမျိုးသမီးဘောလုံးအသင်း နုတ်ထွက်မှုကြောင့် အမျိုးသမီးဘောလုံးပွဲစဉ်များ ပြောင်းလဲ

တနင်္လာနေ့၊ ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၃
ဒီဇင်ဘာလ ၁၀ ရက်တွင် စတင်မည့် ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အင်ဒိုနီးရှားအမျိုးသမီး ဘော လုံးအသင်း နုတ်ထွက် သွားသောကြောင့် အမျိုးသမီး ပွဲစဉ်များကို ပြောင်းလဲခဲ့ရသည်။

အင်ဒိုနီးရှား အမျိုးသမီးအသင်းသည် ဆီးဂိမ်းအုပ်စု(ခ)တွင် အိမ်ရှင်မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နှင့်အ တူ ကျရောက်ခဲ့သော်လည်း ပြိုင်ပွဲစရန် နှစ်ရက်အလိုမှ နုတ်ထွက်ကြောင်း တရားဝင် အကြောင်းကြား လာခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှား အမျိုးသမီးအသင်းသည် ယခုဆီးဂိမ်းပြိုင်ပွဲကို ၀င်မပြိုင်ရန် ဒီဇင်ဘာလဆန်းပိုင်းကတည်းက ဆုံးဖြတ်ခဲ့ပြီး သတင်းများလည်း ထွက်ပေါ်ခဲ့သော်လည်း တရာဝင် အကြောင်းကြားခြင်းကို ဆီးဂိမ်းပွဲစဉ် များနှင့်ကပ်မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လက်မှတ်များကို ကြိုတင်ရောင်းချထားခဲ့ရာ အင်ဒိုနီးရှားအသင်းနှင့် မြန်မာအသင်းတို့ ပွဲလက်မှတ် ကြိုတင်ဝယ်ယူထားသူများကို လက်မှတ်ခများ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ပြန်လည်ထုတ်ပေး သွားမည်ဖြစ်သည်။

ယခုဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပွဲစဉ်များမှ နုတ်ထွက်သည့်အသင်း နှစ်သင်းအထိရှိလာခဲ့ပြီး အင်ဒိုအမျိုးသမီးအသင်းမတိုင်မီက အုပ်စု(ခ)မှ အရှေ့တီမော အမျိုးသမီးအသင်း နုတ်ထွက်ခဲ့ဖူးသည်။

အမျိုးသားဘောလုံးပွဲစဉ်တွင်လည်း ဖိလစ်ပိုင်အသင်း နုတ်ထွက်ထားခဲ့ရာ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ မှ နုတ်ထွက်သည့်အသင်း သုံးသင်း အထိရှိ လာခဲ့သည်။
Mizzima - News in Burmese