Monday, December 16, 2013

မြန်မာဘောလုံးအသင်း ရှုံးနိမ့်မှုအပေါ် အဝေးရောက် အားကစားသမားတဦးအမြင်

နေလင်းထွန်းနဲ့ အင်ဒိုနီးရှားအသင်းက Manahati L Lestusen (ယာ) တို့အကြိတ်အနယ်ယှဉ်ပြိုင်စဉ်။ with Nay Lin Tun of Myanmar during their soccer match at the 27th SEA Games in Yangon, Myanmar, Monday, Dec. 16, 2013. Hundreds of angry football fans destroyed and burnt posters and flags after Myanm
17.12.2013
မြန်မာနိုင်ငံမှာကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာ ဘောလုံးအသင်း ရှုံးနိမ့်သွား ခဲ့တဲ့ အပေါ်မှာ စိတ်မကောင်းဖြစ်မိသူတွေထဲ ပြည်ပမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပါ တယ်။ နှစ်ပေါင်း ၄၄ နှစ်အတွင်း အိမ်ရှင်နိုင်ငံအဖြစ် ပြန်လည်ကျင်းပချိန်မှာ မြန်မာအသင်းဗိုလ်စွဲတဲ့ အထိ အောင်မြင်မှု ရစေချင်ပေမယ့် မြန်မာဘောလုံးအသင်း ပြိုင်ပွဲက ထွက်လိုက်ရပြီး ပရိသတ်တွေ ပြဿ နာဖြစ်ခဲ့တဲ့အပေါ်မှာ စိတ်မကောင်းဖြစ်မိတယ်လို့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ မြန်မာ့ လက်ရွေးစင် ကစားသမားဟောင်း ကိုရင်ထွေးက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း ကိုရင်ထွေးကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ “ကိုရင်ထွေးက လက်ရွေးစင်ဂိုးသမားဟောင်း တစ်ယောက်အနေနဲ့ ဒီပွဲရှုံးသွားတာ ဘာကြောင့် ရှုံးသွားတယ်လို့ မြင်မိလဲ။”

ဖြေ။ ။ “ကျနော် ပထမတပွဲလည်း ကြည့်တယ်ဗျ။ ထိုင်းနဲ့ပွဲတုန်းက။ ထိုင်းနဲ့တုန်းက မြန်မာဘောလုံးအသင်း က တော်တော်လေးကို ကြိုးကြိုးစားစား ကစားတာတွေ့ရတယ်။ ဒီပွဲကျတော့ နည်းနည်းလေးပေါ့တယ်လို့ ကျနော့်အနေနဲ့ မြင်တယ်ဗျ။ ဒီပွဲကစားရင် နိုင်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကစားတဲ့အခါကျတော့ အင်ဒိုနီးရှားက လည်း နိုင်မှတက်ရမှာ။ သရေနဲ့အရှုံးဆိုရင် ထွက်ရမယ်ဆိုတော့ သူတို့ အားကြိုးမာန်တက်နဲ့ တစ်ယောက် ချင်းရော၊ အသင်းလိုက်ကော ကစားတဲ့အတွက် မထင်မှတ်ဘဲနဲ့ သူတို့နိုင်သွားတယ်လို့ မြင်ရတာပေါ့နော်။

အဲဒီအချိန်ကျမှ မြန်မာက အတင်းလိုက်ဖိပြီး ကစားတယ်။ ဒါပေမဲ့လည်း အင်ဒိုနီးရှားရဲ့ နောက်ခံ ဂိုးရော၊ ဘာရော မကျော်နိုင်ဘူးပေါ့ဗျာ။ မကျော်နိုင်တဲ့အတွက် ဒီပွဲရှုံးသွားတယ်။ ဒါပေမဲ့လည်း ကစားတာတော့ အားလုံးကတော့ အားကြိုးမာန်တက်ကစားတော့ ကြည့်ရတာတော့ အားလုံးကတော့ ---- ။ ဘာပဲဖြစ်ဖြစ် ဗမာဆိုတော့ ကိုယ့်ဗမာကို နိုင်စေချင်တယ်ပေါ့လေ။ တီဗွီမှာကြည့်ရင်းနဲ့ အားမလိုအားမရဖြစ်လာ ခဲ့တာကို မြင်ရတယ်ဗျ။ နည်းနည်းလေး ပေါ့လျော့မှုလေးတွေကို မြင်ရတယ်။ လျှော့လျှော့ပေါ့ပေါ့ ကစားတဲ့စိတ်ဓာတ်လေးတွေကို မြင်ရတယ်ခင်ဗျ။”

မေး။ ။ “ဒီပွဲမတိုင်ခင်က မြန်မာအသင်းကို ဘယ်လောက်အထိ ကိုရင်ထွေးတို့ မျှော်မှန်းခဲ့လဲ။”

ဖြေ။ ။ “ကျနော် ထိုင်းပွဲကြည့်လိုက်တယ်ဗျ။ ထိုင်းပွဲကြည့်လိုက်တော့ အော်- ဗမာဘောလုံးအသင်းက ဒီ ထိုင်းအသင်းဆိုတာ- ထိုင်းဆိုတာကတော့ ကျနော်တို့ခေတ်ကတည်းကပဲ၊ ထိုင်းနဲ့ဗမာကတော့အကြိတ်အ နယ်ပဲ ကစားကြတာကိုး။ ထိုင်းကစားတဲ့အခြေအနေမျိုးသာ ကစားခဲ့ရင်- အဲလိုအခြေအနေမျိုး ကစားကွက်ရှိတယ်လို့ ကျနော်တွက်ထားလိုက်ခဲ့ပြီးတော့ - ကျနော်က အနည်းဆုံး ဖိုင်နယ်တော့ တက်မယ်လို့ တွက်ထားတာ ခင်ဗျ။”

မေး။ ။ “အခုလိုမျိုး မနိုင်ဘဲနဲ့ထွက်လိုက်ရတဲ့အပေါ်မှာ စိတ်ထဲမှာရော ဘယ်လိုဖြစ်မိလဲ။”

ဖြေ။     ။ “ကိုယ်ကတော့ အိမ်ရှင်အသင်းပေါ့ဗျာ။ ဘာဖြစ်ဖြစ် အိမ်ရှင်အသင်းဆိုတာ မျက်နှာပန်းလှလှ နဲ့ နောက်ဆုံးအချိန်အထိ ဗိုလ်လုပွဲတော့ တက်ရောက်ချင်တယ်ဆိုတဲ့ ဆန္ဒလေးတော့ ရှိတာပေါ့။ လာကြည့်တဲ့ပရိသတ်ရော၊ ကျနော်တို့ အပြင်မှာရှိတဲ့တီဗွီကကြည့်တဲ့ ပရိသတ်တွေရော ဘာပဲဖြစ်ဖြစ် ဗမာဆိုတဲ့ဂုဏ်ကိုဆောင်ချင်တယ်။ ဒါကြောင့်မို့ ကျနော်တို့ အလုပ်မအားတဲ့ကြားထဲက ဒီပွဲလေးကို ကြည့်ဖြစ်အောင်ကြည့်တယ်။ ရှုံးသွားတော့ စိတ်ထဲတော့ တမျိုးတော့ ဖြစ်တာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် မြန်မာဘောလုံးအသင်းအနေနဲ့ ဖိုင်နယ်ကျမှ ရှုံးသွားလို့ ဒုတိယဆုလေးနဲ့ ကျေခဲ့ရတယ်အစား အုပ်စုမှာထွက်သွားတယ်-ဆိုတဲ့ဖီလင်လေးကတော့ ဘယ်လိုချင်ပါ့မလဲ။ ဒါပေမဲ့ မချင့်မရဲလည်း ဖြစ်ခဲ့ကြတာပေါ့ဗျာ။ အားမလိုအားမရနဲ့ ဘောလုံးပွဲကို အဆုံးသတ်လိုက်ရတာပေါ့ဗျာ။

“အင်ဒိုနီးရှားပွဲကို ကျနော် ကြည့်လိုက်တဲ့အချိန်မှာ မထင်မှတ်ဘဲနဲ့ ရှုံးသွားတယ်။ ဒါပေမယ့် အားကစားသမားတွေ အဖြစ်နဲ့ ကျနော်တို့ ဘောလုံးကစားလာတဲ့ လောက-က ဖြတ်လာတဲ့လူဆိုတော့ တခါတလေကျရင် မထင်ဘဲနဲ့ “အော်..ငါတော့ သရေကျအောင် ကစားရင် နိုင်နိုင်တယ်-” ဆိုတဲ့ စိတ်ဓာတ်မျိုးလေး တွက်ထားလိုက်ရင်- စိတ်ထဲမှာ တွက်ထားလိုက်တာပေါ့။ ဒါဆို အားကြိုးမာန်တက် မရှိတော့ဘူး။ တဖြည်းဖြည်းနဲ့ ဘယ်လိုကစားကစား မိနစ်ကိုးဆယ်ကစားရင် နိုင်ပါတယ်ကွ-ဖြစ်လာတော့ အဲဒီမှာတင် ရှုံးလာတော့ ဘာညာ-ငြိကြတော့ အနီကဒ်နဲ့ အပေးခံရတာတွေရှိတယ်။ အပြင်ကနေ ဟိုဟာတွေနဲ့ ပေါက်၊ ဒီဟာတွေနဲ့ပေါက်လာတွေလည်း- မြန်မာတွေရဲ့ စိတ်ဓာတ်တွေလည်း ဖြစ်လာတယ်။ အဲဒီတော့ မကောင်းဘူးပေါ့ဗျာ။ ကျနော့်စိတ်ထဲမှာ။”

အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်နေတဲ့ တချိန်တုန်းက မြန်မာ့လက်ရွေးစင်ကစားသမား ကိုရင်ထွေးနဲ့ ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်ရှင်။

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပွဲစဉ် ဆီမီးဖိုင်နယ်မှာ အုပ်စု B ရဲ့ဗိုလ်၊ ထိုင်းအသင်းက အုပ်စု A ရဲ့ဗိုလ် စင်ကာပူနဲ့ ကန်ရမှာဖြစ်ပြီးတော့ အင်ဒိုနီးရှားအသင်းကတော့ အုပ်စု A က ဒီကနေ့ကန်မယ့် မလေးရှားနဲ့ ဗီယက်နမ်ပွဲမှာ အနိုင်ရမယ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းအခြေအနေကတော့ ပြီးခဲ့တဲ့အပတ်က ဖိလစ်ပိုင်အသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရပေမယ့် ဗီယက်နမ်အသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ တနင်္ဂနွေနေ့ပွဲမှာ ရှုံးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်တက်ခွင့်ရပြီး အုပ်စု B မှာ လာအိုအသင်းကို ၅ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲကို လာမယ့်ဗုဒ္ဓဟူးနေ့မှာ မြန်မာအမျိုးသမီး ဘောလုံးအသင်းက ကန်ရမှာဖြစ်ပါတယ်။
ကိုရန်နိုင်
VOA Burmese