Thursday, December 5, 2013

အိမ်တိုင်ရာရောက် ခြေတုလက်တုလဲလှယ်ပေးမည့်အစီအစဉ် လာမည့်နှစ်တွင် စတင်မည်

မဲဆောက်ရှိ မယ်တော်ဆေးခန်းတွင် ခြေတု၊လက်တုများပြုလုပ်နေစဉ် ဓာတ်ပုံ-ဥက္ကာကိုကို
ရန်ကုန် Thursday, December 5, 2013
ဘားအံ ခြေတု၊ လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနက တပ်ဆင်ပြီးသား ခြေတု၊ လက်တုများကို အိမ်တိုင်ရာရောက်လဲလှယ်ပေးမည့် ရွေ့လျားလဲလှယ်ရေးအစီအစဉ်ကို လာမည့်နှစ် ဇန်န၀ါရီတွင် စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မသန်စွမ်းဖြစ်သွားသူများအတွက် ဘားအံ ခြေတု၊ လက်တုဆိုင်ရာဌာနက ခြေတု၊ လက်တု နှင့် အားပြုကိရိယာများကို အခမဲ့ထောက်ပံ့ပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်လဲလှယ်ရန် အခက်အခဲရှိသူများအတွက် ရွေ့လျားခြေတု၊ လက်တုလဲလှယ်ရေး လုပ်ဆောင်သွားမည်ဟု ယင်းဌာနမှ ဌာနမှူး ဦးစောနိုင်နိုင်အဲက ပြောသည်။

ယင်းဌာနက ရွေ့လျားခြေတု၊ လက်တု လဲလှယ်ရေးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့နှင့် မွန်ပြည်နယ်၊ သထုံမြို့တို့တွင် စမ်းသပ်လုပ်ဆောင်ခဲ့ပြီး ၂၀၁၄ ဇန်န၀ါရီတွင် လစဉ် သွားရောက်လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။ “တချို့တွေဆို အလုပ်လုပ်နေတယ်။ အလုပ်ရှင်က ခွင့်မပြုလို့ လာမလဲတာတွေရှိတယ်။ ဒီလိုအကြောင်း အမျိုးမျိုးကြောင့် လာမလဲနိုင်သူတွေအတွက် ဒီအစီအစဉ်လုပ်တာ”ဟု ဦးစောနိုင်နိုင်အဲက ပြောသည်။လူဦးရေငါးထောင်ကျော်ကို ခြေတု၊ လက်တုပေါင်း ခုနစ်ထောင်ကျော် လဲလှယ်ပေးခဲ့ရာတွင် မြေမြှုပ်မိုင်းကြောင့် ခြေတု၊ လက်တု တပ်ဆင်ပေးရသည်ထက် ဆိုင်ကယ်၊ ကား မတော်တဆဖြစ်မှုကြောင့် မသန်မစွမ်းဖြစ်ပြီး တပ်ဆင်ပေးရမှုမှာ ပိုများလာသည်ဟု သိရသည်။ 

“ရာခိုင်နှုန်းအတိအကျ မသိပေမယ့် အရေအတွက်က များလာတာတော့ သိတယ်။ ဟိုဘက်တုန်းကတော့  မိုင်းတွေကြောင့်၊ အခုနောက်ပိုင်းက  ဆိုင်ကယ်တွေ၊ ကားတွေ များလာပြီး Road Accident ဖြစ်တာတွေ များလာတယ်။ ပြီးတော့ ကြံကြိတ်စက်ကြောင့် မသန်စွမ်းဖြစ်ပြီး တပ်ဆင်ပေးရတာတွေရှိတယ်” ဟု ဦးစောနိုင်နိုင်အဲကပြောသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဖွင့်လှစ်ထားသည့် ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီနှင့် ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းတို့တွင် ခြေတု၊ လက်တု တပ်ဆင်ခြင်းဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။
7Day Daily