Wednesday, December 4, 2013

ဆီးဂိမ်း ပထမဆုံးပြိုင်ပွဲနေ့ မြန်မာ ရွှေနှစ်ခုဖြင့် ပထမနေရာဦးဆောင်

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပထမဆုံး ရွှေတံဆိပ်ကို ရယူပေးခဲ့သည့် မြန်မာအမျိုးသမီး ရိုးရာခြင်းလုံးအဖွဲ့ ဆုယူအပြီးတွင် တွေ့ရစဉ် ဓာတ်ပုံ - ချစ်ဝိုင်း
Thursday, December 5, 2013
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပထမဆုံးစတင်ကျင်းပသည့် ရိုးရာခြင်းလုံးပြိုင် ပွဲတွင် အိမ်ရှင်မြန်မာအသင်းက ရွှေတံဆိပ်နှစ်ခုယူကာ နိုင်ငံအလိုက်ရပ်တည်မှု၌ ပထမနေရာတွင် ဦးဆောင်ထားနိုင်ခဲ့သည်။

ဒီဇင်ဘာ ၄ ရက် နံနက် ၉နာရီက စတင်ကျင်းပသည့် ရိုးရာခြင်းလုံး အခြေခံအဆင့် အတွဲပြိုင်ပွဲတွင် အာဆီယံငါးနိုင်ငံမှ (အမျိုးသား၊ အမျိုးသမီး)အသင်းများ ယှဉ်ပြိုင်ခဲ့ကြပြီး အိမ်ရှင်မြန်မာက အမျိုးသား၊ အမျိုးသမီး နှစ်သင်းစလုံး ရွှေတံဆိပ်တစ်ခုစီ ရယူပေးနိုင်ခဲ့သည်။ “ဒီလိုနေ့မျိုးကိုရောက်ဖို့အတွက် အတော်လေးကြိုးစားခဲ့ရတယ်။ မျှော်မှန်းထားတဲ့အတိုင်း ရွှေတံဆိပ်ရယူနိုင်ခဲ့တဲ့အတွက် ပြောမပြနိုင်အောင် ၀မ်းသာဂုဏ်ယူမိပါတယ်”ဟု မြန်မာအမျိုးသမီး ရိုးရာခြင်းလုံးနည်းပြ ဒေါ်သိန်းသိန်းဝင်းကပြောသည်။
ရိုးရာခြင်းလုံးပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသည့် ၂၀၁၃ ဆီးဂိမ်းတွင် ပထမဦးဆုံးအကြိမ် ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး ၎င်းအားကစားနည်း၏ ပထမဆုံးရွှေတံဆိပ်ကို လည်း မြန်မာအမျိုးသမီးအသင်းက ရယူခဲ့သည့် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ ဆီးဂိမ်းရိုးရာခြင်းလုံးပြိုင်ပွဲတွင် အမျိုးအစားရှစ်မျိုးပါဝင်ပြီး ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံများအနေဖြင့် အမျိုးသား၊ အမျိုးသမီး ခြောက် မျိုးစီသာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး ရမှတ်အများဆုံးနှစ်သင်းက ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။

အိမ်ရှင်မြန်မာအမျိုးသားအသင်းသည် ပတ်လည်စနစ်ယှဉ်ပြိုင်ရာတွင် ရမှတ်ပေါင်း ၆၃၆မှတ် ရရှိခဲ့ပြီး ထိုင်းအမျိုးသားအသင်းက ၄၀၇ မှတ် ရရှိခဲ့ခြင်းကြောင့် အဆိုပါနှစ်သင်းမှာ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားခဲ့ရသည်။ ဗိုလ်လုပွဲတွင် မြန်မာအသင်းက ရမှတ် ၆၆၀၊ ထိုင်းအသင်းက ရမှတ် ၄၀၄ မှတ် ရရှိခဲ့ခြင်းကြောင့် မြန်မာအသင်းက ရွှေတံဆိပ်ရယူနိုင်ခဲ့သည်။ အမျိုးသမီးပတ်လည်ပြိုင် ပွဲတွင် မြန်မာအသင်းက ၅၁၄မှတ်၊ ထိုင်းအသင်းက ၃၆၃မှတ်၊ ကမ္ဘောဒီးယားအသင်းက ၁၅၇မှတ်၊ မလေးရှားအသင်းက ၁၂၈မှတ် ရရှိခဲ့သောကြောင့် အမှတ်အများဆုံးရသည့် မြန်မာနှင့် ထိုင်းအသင်းတို့ ဗိုလ်လုပွဲကစားခဲ့ကြပြီး မြန်မာအမျိုးသမီးအသင်းက အနိုင်ရရှိခဲ့ကာ ရွှေတံဆိပ်ရယူနိုင်ခဲ့သည်။
“မြန်မာမပြိုင်တဲ့အမျိုးအစားတွေမှာ ထိုင်းအသင်းက ရွှေရနိုင်တယ်။ မြန်မာပါရင်တော့ ရွှေရဖို့မလွယ်ဘူး” ဟု ထိုင်းအသင်းနည်းပြကပြောသည်။ ၂၀၁၃ခုနှစ် ဆီးဂိမ်းပြိုင်ပွဲ ပထမဦးဆုံးပြိုင်ပွဲတွင် အိမ်ရှင်မြန်မာက ရွှေတံဆိပ် နှစ်ခု ရရှိထားခြင်းကြောင့် နိုင်ငံအလိုက်ရပ်တည်မှုတွင် ပထမနေရာ၌ ဦးဆောင်ထားနိုင်ခဲ့သည်။၂၀၁၃ ဆီးဂိမ်းတွင် ပထမဆုံးပြိုင်ပွဲအဖြစ် စတင်ကျင်းပသည့် ရိုးရာခြင်း လုံးပြိုင်ပွဲကို ဒီဇင်ဘာ၎ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းရုပ်သံများမှလည်း  တိုက်ရိုက်လွှင့်ပြသခဲ့ရာ ပရိသတ်အများစုက စိတ်ဝင်တစား အားပေးခဲ့ကြသည်။ သို့သော် ရိုးရာခြင်းလုံးပြိုင်ပွဲကို ရုပ်သံမှ ရိုက်ကူး ထုတ်လွှင့်ပြသရာတွင် အိမ်ရှင်အသင်း ယှဉ်ပြိုင်ကစားပုံများကို ဦးစားပေး ရိုက်ကူးထုတ်လွှင့်မှု များခဲ့သည့်အတွက် ပြိုင်ဘက်အသင်းများ၏ အနေအထားများကို မြင်တွေ့ရခြင်းမရှိကြောင်း ရုပ်သံကြည့်ပရိသတ်အချို့က ပြောကြားသည်။
7Day Daily