Tuesday, December 3, 2013

လက်ရှိတပ်မတော်သည် တိုင်းရင်းသားလူမျိုးအားလုံး ပါဝင်ဖွဲ့စည်းထားသော တပ်မတော်ဟု ကာချုပ်ပြော

Wednesday, December 4, 2013
လက်ရှိ မြန်မာ့တပ်မတော်ကို တိုင်းရင်းသားများ ပါဝင်သည့် ပြည်ထောင်စုတပ်မတော်အဖြစ် ဖွဲ့စည်းရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က တောင်းဆိုနေချိန်တွင် မိမိတို့တပ်မတော်သည် တိုင်းရင်းသားလူမျိုးအားလုံး ပါဝင်ဖွဲ့စည်းထားသော ပြည်ထောင်စုတပ်မတော်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ သံတွဲတပ်နယ်ခန်းမတွင် ယခုလ ၁ ရက်၌ တပ်နယ်မှ အရာရှိ၊ စစ်သည်မိ သားစုများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ တပ်မတော်အတွင်း တိုင်းရင်းသား လူမျိုးအားလုံးပါဝင်သဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခိုင်အောင် တည်ဆောက်ရန် လိုအပ်ပြီး တပ်မတော်သား တစ်ဦးတစ်ယောက်၏ လုပ်ရပ်ကြောင့်သော်လည်းကောင်း၊ တပ်တစ်ခု၏ လုပ်ရပ်ကြောင့်သော်လည်းကောင်း အများပြည်သူ အထင်အမြင်လွဲမှားစေမည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရန် ထိန်းသိမ်းရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တပ်မတော်အတွင်း တိုင်းရင်းသားများဖြင့် စုပေါင်းဖွဲ့စည်းထားပြီး လက်ရှိ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တာဝန်ထမ်းဆောင်ကြသူများတွင် တိုင်းရင်းသားအများအပြားရှိကြောင်း ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက 7Day Daily နှင့် အင်တာ ဗျူးတွင် ဖြေကြားထားသည်။

““ဒီနေ့ ဒုတိယဗိုလ်ချုပ်ကြီးတွေထဲမှာ တိုင်းရင်းသားတွေရှိတယ်။ မွန်ရှိတယ်။ ရှမ်းရှိတယ်။ ရခိုင်ရှိတယ်။ အစစ်မဟုတ်ပေမယ့် အများကြီးပဲ။ ပြည်သူလူထုထဲက ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်တယ်”” ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ပြည်ထောင်စုတပ်မတော်တစ်ခုတည်းသာ ရှိသင့်သည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက စက်တင်ဘာ ၂ ရက် တောင်ကြီးမြို့တွင် ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်သူလူထုတို့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲရန် ပြင် ဆင်ဆောင်ရွက်နေပြီး ယင်းဥပဒေအသစ်တွင် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးဆိုင်ရာ အချက်အလက်များကို ထည့်သွင်းထားသည်။
7Day Daily