Tuesday, December 10, 2013

မြန်မာကနူးလှေလှော်အဖွဲ့ ရွှေ ၃ခု၊ ကြေး ၁ခုနှင့် အဖွင့်လှ

နေပြည်တော်၊ ဒီဇင်ဘာ ၁၀
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ လှေလှော်အဖွင့်ပွဲစဉ်များကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီတွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲအမျိုးအစား ၄ မျိုး စတင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ အသင်းမှ ရွှေတံဆိပ် ၃ ခု ကြေးတံဆိပ် ၁ ခု ဆွတ်ခူးနိုင်ခဲ့သည်။

ပထမပွဲစဉ်အဖြစ် ကနူးတစ်ယောက်လှော် (C1) အမျိုးသား မီတာ ၁,၀၀၀ ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာအပါအ၀င် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား စုစုပေါင်း ပြိုင်ပွဲဝင်နိုင်ငံ ၅ နိုင်ငံဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာမှ ၀င်းထိုက်က အင်ဒိုနီးရှားကစားသမား Spensstuber Mehue ကို မီတာ ၅၀၀ လောက်တွင် အပြတ်အသတ် အသာရထားပြီး နောက်ပိုင်းတွင် အင်ဒိုနီးရှားကစားသမားမှာ အမီလိုက်လာနိုင်ခဲ့သဖြင့် ပွဲစဉ်မှာပိုမိုကောင်းမွန်လာခဲ့သည်။ သို့သော် ၀င်းထိုက်က အမှားအယွင်းမ ရှိ လှော်ခတ်နိုင်ခဲ့ပြီး ၂ စက္ကန့်ကျော် အသာဖြင့် လှေလှော်ပြိုင်ပွဲအတွက် ပထမဆုံးရွှေတံဆိပ် ကို မြန်မာနိုင်ငံအတွက် ဆွတ်ခူးပေးနိုင်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် အင်ဒိုနီးရှားက ငွေတံဆိပ်၊ ဖိလစ်ပိုင်မှ ကြေးတံဆိပ်ရရှိခဲ့သည်။

"အရင်ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေရခဲ့ဖူးပေမယ့် ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ပရိတ်သတ်ရှေ့မှာ ရွှေတံဆိပ် ဆု ရယူခဲ့ရတာဆိုတော့ အရင်ပျော်တာတွေထက် အဆပေါင်းများစွာ ပိုပျော်ပါတယ်။ ကြိုးစားရ ကျိုးနပ်ပါတယ်။ နိုင်ငံနဲ့ အဖွဲ့ချုပ်ရဲ့ကျေးဇူးကို ဒီဆုတံဆိပ်နဲ့ ဆပ်ခွင့်ရတယ်လို့ ထင်ပါတယ်"ဟု ကနူးလှေလှော်ကစားသမား ၀င်းထိုက်က ရွှေတံဆိပ်ဆုဆွတ်ခူးအပြီး ပြောသည်။

ဒုတိယပွဲစဉ်အဖြစ် ကယက် ၄ ယောက်လှော် (K4) အမျိုးသမိး မီတာ ၁၀၀၀ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၆ နိုင်ငံဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြင့်မြင့်သန်း ၊ သင်းသင်းကြူ ၊ နော်အားလယ်ရှီး ၊ အေးမိခိုင် တို့ပါဝင်သော မြန်မာကယက်လှေလှော်အဖွဲ့မှ ၀.၆ စက္ကန့်အသာဖြင့် ဗိယက်နမ်အသင်းအား အနိုင်ရရှိကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာကယက်လှေလှော် အားကစားမယ် သင်းသင်းကြူမှ "ဘယ်လိုပြောရမလဲမသိဘူး။ ငိုချင်သလိုလို၊ ရယ်ချင် သလိုလိုနဲ့။ အရမ်းပျော်နေပါတယ်။ ရာသီဥတုက လေနဲနဲတိုက်နေတော့ လေ့ကျင့် တုန်းကလောက် စံချိန်ကောင်းမရခဲ့ပေမယ့် ရွှေတံဆိပ်ရခဲ့တဲ့အတွက် ပျော်ပါတယ်"ဟု ပြောသည်။

တတိယပွဲစဉ်တွင် ကယက် ၄ ယောက်လှော် (K4) အမျိုးသား မီတာ ၁၀၀၀ ပြိုင်ပွဲတွင် ထိုင်းအ သင်း ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး အင်ဒိုနီးရှားအသင်းက ငွေတံဆိပ်၊ မြန်မာအသင်းက ကြေးတံဆိပ် ရရှိခဲ့သည်။

ပထမနေ့ နောက်ဆုံးပွဲစဉ်အဖြစ် ကနူး ၂ ယောက်လှော် (C2) အမျိုးသား မီတာ ၁၀၀၀ ပြိုင်ပွဲတွင် မြန်မာ အသင်းမှ ပထမဆုံးပွဲစဉ်၌ တစ်ယောက်လှော်ပြိုင်ပွဲ ရွှေတံဆိပ် ရရှိထားသော ၀င်းထိုက်နှင့် စိုင်းမင်းဝေတို့အတွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယနေရာမှ အင်ဒိုနီးရှားအသင်းကို ၂.၂၁၆ စက္ကန့်အသာဖြင့် အနိုင်ရရှိကာ မြန်မာနိုင်ငံအတွက် လှေလှော်ပြိုင်ပွဲ၏ တတိယမြောက် ရွှေတံဆိပ် ရယူပေးခဲ့သည်။ အဆိုပါ ပွဲစဉ်၏ တတိယ ကြေးတံဆိပ်ကို ဗီယက်နမ်အသင်းမှ ရရှိခဲ့သည်။

ဝင်းထိုက်နှင့်တွဲဖက်ကာ ရွှေတံဆိပ်ရယူခဲ့သော စိုင်းမင်းဝေမှာ ယခုပြိုင်ပွဲ အမျိုးအစားတစ်မျိုးကိုသာ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ကနူးလှေလှော်အားကစားကို ဆီးဂိမ်းပြိုင်ပွဲတွင် ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ကနူး၊ ကယက်လှေလှော်ပွဲစဉ်များကို ဒီဇင်ဘာ ၁၂ နှင့် ၁၃ ရက်နေ့တို့တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး မီတာ ၅၀၀ နှင့် မီတာ ၂၀၀ ပြိုင်ပွဲများ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ကဝေ၊ ချမ်းမင်းဟန်
27th SEA Games Daily News