Friday, December 13, 2013

တိုင်ကြားစာများ ပို့ရန် ပြည်ထဲရေးဝန်ကြီးဌာန ဖိတ်ခေါ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန စသည်တို့ အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများနှင့် ပတ်သက်၍ အဆင်မပြေမှုများကို တင်ပြတိုင်ကြားစာ ပေးပို့ရန် ဖိတ်ခေါ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းသို့ တင်ပြ တိုင်ကြားနိုင်ရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာန၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာ www.facebook.com/mohamyanmar ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ယင်းမှတစ်ဆင့် ဝန်ကြီးဌာန သတင်းများ ထုတ်ပြန်ခြင်း၊ ပြည်သူများ၏ ဌာနဆိုင်ရာများနှင့် ပတ်သက်သည့် တင်ပြ တိုင်ကြားစာ များကို လက်ခံခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ပြည်ထဲရေး ဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာမှာ စမ်းသပ်အဆင့်သာ ဖြစ်၍ ပြည့်စုံမည် မဟုတ်ဘဲ ဝန်ကြီးဌာနနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းထားသည့် လာဘ်ပေးလာဘ်ယူမှု စစ်ဆေးရေးအဖွဲ့သို့ တိုက်ရိုက် တိုင်တန်းသင့်ကြောင်း အဆိုပါ ဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့မှာ ကျွမ်းကျင်သူ မရှိသေးတော့ တရားဝင် မဖွင့်သေးပါဘူး။ စမ်းသပ်အဆင့်ပဲ ရှိသေးတယ်။ တိုင်ကြားစာကိုတော့ သမ္မတရုံးကို ပို့တာ အဆင်ပြေဆုံး ဖြစ်မယ်” ဟု ၎င်းကဆိုသည်။

သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေးအတွက် အစိုးရ အဖွဲ့အစည်းများအတွင်း အဂတိတရားများ ကင်းရှင်းရေးနှင့် လာဘ်ပေး လာဘ်ယူမှုများ ပပျောက်စေရေးတို့ အတွက်ဟုဆိုကာ လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီကို ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အပါအဝင် အဖွဲ့ဝင် ကိုးဦးဖြင့် ဇန်နဝါရီလ ၈ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

အဂတိ လိုက်စားသော နိုင်ငံ့ဝန်ထမ်းများအပေါ် အရေးယူပေးရန် တင်ပြ တိုင်ကြားစာ ၁၁၉ စောင်ကို လက်ခံစစ်ဆေးမှုအရ နိုင်ငံ့ဝန်ထမ်း ၄၅၀ ဦးကို အရေးယူခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က သြဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးများ ကို ပြည်တွင်းပြည်ပ အသီးသီးက ချီးကျူး ထောက်ခံ ထားသော်လည်း ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့မှာမူ ယခင်အစိုးရ လက်ထက် အတိုင်း ပြုမူနေသေးကြောင်း ဝေဖန်ခံထားရသည်။
The Voice Weekly