Monday, December 9, 2013

မဒီ ဆိုင်ကလုန်းမုန်တိုင်း ဒီဇင်ဘာ ၁၁ တွင် ကျောက်ဖြူသို့ ၀င်ရောက်နိုင်ဟု ခန့်မှန်း

Monday, December 9, 2013
တစ်နာရီ လေတိုက်နှုန်း ၇၅ မိုင် ရှိသော မဒီ ဆိုင်ကလုန်းမုန်တိုင်းကို ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ်။ မုန်တိုင်းသည် မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းသည်။ wunderground.com

ဆိုင်ကလုန်းမုန်တိုင်း မဒီ(MADI) သည် ဒီဇင်ဘာ ၁၁ ရက် ညပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် ၀င်ရောက်ဖွယ်ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။

““ဒီမုန်တိုင်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကို ဒီဇင်ဘာ ၁၁ ရက် ညပိုင်းမှာ ၀င်နိုင်တယ်။ ကမ်းရိုးတန်းနဲ့နီးလာရင်တော့ ဒီဘက်ကို လေအေးတွေနဲ့ ထိတွေ့ပြီး အားလျော့သွားနိုင်တယ်။ ရခိုင်ပြည်နယ်အပါအ၀င် ဒေသအချို့မှာတော့ သေချာပေါက် မိုးရွာမယ်”” ဟု ဦးချစ်ကျော်က ပြောသည်။

မဒီ (MADI) ဆိုင်ကလုန်းမုန်တိုင်းသည် ဒီဇင်ဘာ ၇ရက်က မြန်မာနိုင်ငံ ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၅၉၀ ခန့် အကွာရှိ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့ တောင်ဘက် မိုင်၂၆၅ ခန့် အကွာကို ဗဟိုပြု၍ တိုက်ခတ်ခဲ့သော်လည်း ဒီဇင်ဘာ ၈ ရက် ညနေတွင် ကိုကိုးကျွန်း၏ အနောက်တောင်ဘက် ၅၂၀ မိုင် ခန့် အကွာသို့ ရောက်ရှိလာကြောင်း မိုး/ဇလဌာနက သတင်းထုတ်ပြန်သည်။ အကယ်၍ ဒီဇင်ဘာ ၁၁ ရက် ညပိုင်းတွင် ကျောက်ဖြူသို့ အပူပိုင်းမုန်တိုင်းအဖြစ် ၀င်ရောက်ပါက ထိုနေ့မှာ နေပြည်တော်တွင် ဆီးဂိမ်းဖွင့်ပွဲကျင်းပမည့်နေ့နှင့် တိုက်ဆိုင်နေသည်။

မုန်တိုင်း၏အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်ပါ မိုးထစ်ချုန်းရွာနိုင်ကြောင်း သတင်းဆက်လက်ထုတ်ပြန်ထားသည်။
ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျရောက်နိုင်ပြီး ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်နှင့် သင်္ဘောများ  မုန်တိုင်းအန္တရာယ် သတိထားသင့်ကြောင်း မိုး/ဇလဌာနက သတိပေးထားသည်။

မဒီ (MADI) ဆိုင်ကလုန်းမုန်တိုင်းသည် အမေရိကန် အမျိုးသားအာကာသအေဂျင်စီ NASA၏ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်ထဲတွင် အများဆုံးလေတိုက်နှုန်း ၇၅ မိုင် ခန့် ရှိကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ မိုးလေ၀သဆိုင်ရာဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။
မဒီ မုန်တိုင်းမှာ တစ်နာရီလျှင် လေတိုက်နှုန်း ၇၅ မိုင်နှုန်းဖြင့် မြောက်ဘက်သို့ တစ်နာရီလျှင် ၆ မိုင်နှုန်း ရွေ့လျားနေကြောင်း Wunderground ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ မဒီသည် ဘင်္ဂလားပင်လယ်အော်တွင်၂၀၁၃ ခုနှစ်အတွင်း ၆ လုံးမြောက်မုန်တိုင်းဖြစ်သည်။

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်သော မုန်တိုင်းများကို နိုင်ငံတကာ မိုးလေ၀သဌာနများက အလှည့်ကျ အမည်ပေးခြင်းဖြစ်ပြီး ယခုဖြစ်ပေါ်နေသည့် မဒီ (MADI) ဆိုင်ကလုန်းမုန်တိုင်းအဖြစ် မော်လဒိုက် နိုင်ငံက အမည်ပေးခဲ့ခြင်းဖြစ်သည်။
7Day Daily