Tuesday, December 10, 2013

မြန်မာနှင့်ပွဲ ပင်နယ်တီအတွက် တီမောနည်းပြ ပြင်းထန်စွာ ဝေဖန်

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၁၃
ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ် မြန်မာနှင့်ပွဲ၌ပေးခဲ့ရသော ပင်နယ်တီဂိုးအတွက် ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် တီမောနည်းပြ အီမာဆင်က ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့သည်။

အဆိုပါပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျနေချိန်၌ှ ကြည်လင်းအား တီမောနောက်ခံလူ တားဆီးရာမှ ပင်နယ်တီပေးခဲ့ရပြီး ကျော်ကိုကိုက အမှားအယွင်းမရှိ ကန်သွင်းနိုင်သောကြောင့် မြန်မာအသင်းက ၂-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ယင်းပင်နယ်တီမှာ မပေးသင့်သော ပင်နယ်တီဖြစ်ကြောင်း တီမောနည်းပြက ဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်အမြင်အရ ဒီပင်နယ်တီက မပေးသင့်ပါဘူး။ မြန်မာက နိုင်ငံကြီးဖြစ်ပြီး ကျွန်တော်တို့နိုင်ငံ က သေးသေးလေးပါ။ မြန်မာတွေအနေနဲ့ ကျွန်တော်တို့အပေါ်မှာ လေးစားမှုရှိသင့်ပါတယ်။ ပြီးခဲ့တဲ့ ဆူဇူကီး ခြေစစ်ပွဲတုန်းကလည်း လူကျွံအနေအထားကနေ မြန်မာဘက်ကို ကျွန်တော်တို့ဂိုးပေးခဲ့ရ ပါသေးတယ်။ မြန်မာအသင်းအနေနဲ့ ဆီးမီးကို အလွယ်တကူ တက်နိုင်စွမ်းရှိပါတယ်။ ဒီလိုလုပ်ဖို့မလိုပါဘူး။ တကယ်ဆိုပွဲက လှလှပပလေးပဲ ပြီးသွားသင့်တာပါ။ နှစ်သင်းစလုံးက နိုင်လိုဇောနဲ့ကစားခဲ့လို့ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒိုင်ရဲ့ ပင်နယ်တီ ဆုံးဖြတ်ချက်ကြောင့် ကျွန်တော့ ကစားသမားတွေ စိတ်ဓာတ် ကျသွား ခဲ့ရပါတယ်။ သူတပြန် ကိုယ်တပြန်ရှိနေချိန်မှာ ဒီပင်နယ်တီကြောင့်ပဲ ကစားသမားတွေ စိတ်ဓာတ်ကျ သွားလို့ ရှုံးခဲ့ရတာပါ” ဟု အီမာဆင်က ဆိုခဲ့သည်။

မြန်မာနည်းပြ ပတ်ဆောင်ဟွာကမူ ပင်နယ်တီ ပြစ်ဒဏ်သာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပင်နယ်တီ မရလျှင်လည်း ဂိုးသွင်းခွင့်များကြောင့် အနိုင်ရမည်သာဖြစ်ကြောင်းနှင့် တီမောနည်းပြ၏ မှတ်ချက်ကို သဘောမတူနိုင်ကြောင်း တုန့်ပြန်ခဲ့သည်။

ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်သော အသင်းများကို တီမောနည်းပြ အီမာဆင်က သုံးသပ်ရာတွင် အိမ်ရှင်မြန်မာနှင့် ထိုင်းအသင်းတို့ တက်ရောက်သွားလိမ့်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။

မြန်မာအသင်းသည် အုပ်စု (ခ) တွင် နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ၆ မှတ် ရရှိထားကာအုပ်စုကို ဦးဆောင် လျက်ရှိသည်။ အုပ်စုတတိယပွဲစဉ် အဖြစ် လာမည့် စနေနေ့တွင် ထိုင်းအသင်းနှင့်ဆက်လက် ရင်ဆိုင်ရ မည်ဖြစ်သည်။
Mizzima - News in Burmese