Monday, December 30, 2013

ချောင်းဟန့်သံ

December 30, 2013
ဆိုင်သလားတော့ မသိဘူးဗျ။ ကာတွန်းလေး တစ်ပုဒ်ပြေးပြီး သတိရမိတယ်။ ဒီလိုပါ။ ကာတွန်းက ပုံဖော် ပြခံရတာတော့ မဟုတ်ဘူး၊ (စာပေစိစစ်ရေး ရှိနေသေးတဲ့ ကာလမို့ပါ) ဂျာနယ်တစ်စောင်ရဲ့ ဆောင်ပုဒ် နဲ့ဆက်စပ်ပြီး ဆရာအော်ပီကျယ် ဆွဲထားတာ။ နှစ်တွေကြာလာတော့ (ပုံမနှိပ်ဘဲ) ဘယ်မှာ ဖတ်ရမှန်း မောင်မှန်လည်း မေ့နေပါပြီ။ ဒီဘက်ခေတ်မှာ ပြန်ပုံနှိပ် ဖြစ်မဖြစ်တော့ မသိပါဘူး။ ရန်ကုန်တိုင်း(မ်) ဂျာနယ်ရဲ့ဆောင်ပုဒ်က သင်ဘာသိချင်သည်ကို ကျွန်ုပ်တို့ သိပါသည်တဲ့။ ကောင်းပါတယ်။မောင်မှန် ကြိုက် တယ်။ အဲဒီဆောင်ပုဒ်ကို ဆရာအော်ပီကျယ်က ကာတွန်းရေးထားတာ။

ပထမအကွက်မှာ “လူတစ်ယောက်က သင်ဘာသိချင်သည်ကို” လို့ပြောလိုက်တယ်။ ဒုတိယအကွက်မှာ အရုပ်မမြင်ရဘဲ ကာတွန်းပုံရဲ့တစ်ဖက်ခြမ်းက ချောင်းဟန့်သံ ကျယ်ကျယ် အဟမ်း၊ အဟမ်းဆိုပြီး ထွက် လာတယ်။ ပုံထဲကလူက ချောင်းသံလာရာ ဘက်ကိုမျက်လုံးပြူးပြီး လှမ်းကြည့်တယ်။

တတိယအကွက်ကျတော့မှ အဲဒီလူကပဲ စပ်ဖြီးဖြီး၊ ပြုံးဖြဲဖြဲနဲ့ ကျွန်ုပ်တို့သိပါသည်လို့ ဆက်ပြောလိုက်ပါ တယ်။ သင်ဘာသိချင်ကို ကျွန်ုပ်တို့သိပါသည်ကို ဆရာအော်ပီကျယ် သရုပ်ဖော်ခဲ့ပုံလေးက အတော်ကို နိပ်ပါတယ် ခင်ဗျာ။

အခုလည်း ချောင်းဟန့်သံတွေ ကြားနေရပါပြီကော။ လွိုင်ကော်မှာ Daily Eleven သတင်းထောက်ကို အိမ်ရာကျော်နင်းမှု၊ ဆဲမှုအစရှိတာတွေနဲ့ ထောင်သုံးလ ချလိုက်တဲ့ကိစ္စလေ။ ဖြစ်စဉ် အသေးစိတ်ကို မောင်မှန်မသိရပေမယ့် သတင်းဖော်ပြချက်တွေအရကတော့ သတင်းယူဖို့သွားတယ်၊ လက်ခံတယ်၊ ကတောက်ကဆတ်ဖြစ်ပြီး သတင်းထောက်ကို မောင်းထုတ်တယ်။ ပြန် သွားတယ်၊ ဒီလောက်ပါပဲ။ ဒီလောက်လေးကိုပဲ ထောင်သုံးလတောင် ချရသလားလို့။ တရားလိုဘက် ကြည်လိုက်တော့လည်း တ ရားလိုရဲ့ဖခင်က ပါတီကြီးတစ်ခုရဲ့ ခရိုင်ဥက္ကဋ္ဌဖြစ်နေတာ တွေ့ရပြန်တယ်။ သတင်းထောက်က လွန် တယ်ပဲထား။ ဒီလောက် ကြီးလေးတဲ့ပြစ်ဒဏ်မျိုး မပေးသင့်ဘူးလို့ မောင်မှန် ထင်ပါတယ်။ သတင်းလွတ် လပ် ခွင့်ကို ထိခိုက်စေတာတို့၊ မီဒီယာလောကကြီးကို ခြိမ်းခြောက်နေပြီတို့၊ စာနယ်ဇင်း အခွင့်အရေးကို ထိပါးတယ်တို့စတဲ့ ကြီးကြီးကျယ်ကျယ်ကြီး မောင်မှန် နားမလည်၊ မပြောပြတတ်သော်လည်းဘဲ မတရား ဘူးလို့ ထင်တာကိုတော့ ပြောရဲပါတယ်။

မောင်မှန် အရပ်ထဲမှာ ဒေါ်ကုလားမတို့၊ မဂွက်ထော်တို့ဆို နေစဉ်နှင့်အမျှ တစ်ဖက်နဲ့တစ်ဖက် အိမ်ရာ ကျော်နင်းမှုတွေ၊ ဆဲမှုတွေ ဖြစ်နေကြတာပဲ။ ကိုယ့်တဲရဲ့ ခေါင်းရင်းအပေါက်က ခေါင်းပြူလိုက်ရင်ပဲ တစ် ဖက်တဲထဲ ကိုယ့်ခေါင်းရောက်သွားပြီး အိမ်ရာကျော်နင်းမှု မြောက်သွားပြီ။ (ဒါကျ တော့ အိမ်ရာခေါင်း ကျော်မှုခေါ်ရမယ် ထင်တယ်) ခေါင်းကျော်ပြီး ဆဲလိုက်ပြီဆိုတာနဲ့ ဆဲမှုလည်း အထမြောက်သွားပြန်တာ ပဲ။ ဒါ နိစ္စဓူဝ ဖြစ်နေကြတာပဲလေ။ နေ၀င်ရီ တရောအချိန်များဆို သံချောင်းတို့ ဖိုးထောင်တို့၊ အာပြဲတို့ပါ ရေချိန်ကိုက်လာပြီး ဆူပွဲ၊ ဆဲပွဲ ပါဝင်နွှဲကြသေးတယ်။ ရုံးရောက် ဂတ်ရောက်တွေလည်း ခဏခဏပဲ။ တစ် ဖက်နဲ့တစ်ဖက် ကျေအေးနားလည်မှုမရှိဘဲ အိမ်ရာကျော်နင်းမှု၊ ဆဲမှု၊ (သူတို့က ရန်ဖြစ်မှုတောင် ပိုသေး တယ်) စတာတွေနဲ့ တရား စွဲ၊ ထောင်ချကြမယ်ဆိုရင်ဖြင့် သူတို့တွေဟာ ထောင်ထဲကတောင် ထွက်ကြ ရမှာ မဟုတ်ပါဘူး။ သုံးလမဟုတ်ဘူး၊ ထောင် အနှစ် ၃၀ လောက်တောင် ကျသွားနိုင် တယ်။ ဒါပေမဲ့ မောင်မှန်တို့ အရပ်ထဲက လူတွေဟာ (ပညာ သိပ်မတတ်ကြပေမယ့်) ရပ်၊ကျေးအုပ်ချုပ်ရေးမှူး ရုံး လောက်မှာပဲ ညှိနှိုင်းပြီး ကိစ္စပြီးကြပါတယ်၊ အကျယ်အကျယ် မငြိမ်းဖွယ်တွေ မလုပ်ကြပါဘူး။

မောင်မှန် ဒီလိုရေးနေတာ အကြောင်းရှိပါတယ်။ တရားလိုရဲ့အဖေက ပါတီကြီးရဲ့ ခရိုင်ဥက္ကဋ္ဌ ဖြစ်နေလို့ ပါ။ သတင်းထောက် မှားခဲ့ရင်လည်း ခွင့်လွှတ်ကျေအေးပေးသင့်တယ်လို့ မောင်မှန်ထင်ပါတယ်။ ကိုယ်က တအားနစ်နာသွားတာမှ မဟုတ်ဘဲ၊ နောက်ပြီး ကိုယ့်ပါတီရဲ့ပုံရိပ်က မီဒီယာတွေ ကြားမှာရော၊ လူထုထဲ မှာပါ အလွန်အရေးကြီး နေတဲ့အချိန် မဟုတ်လား။ ခု ကိစ္စမျိုးက အာဏာပိုင်အဖွဲ့အစည်းတွေ ဘာတွေနဲ့ ဖြစ်မှသာ ခုလောက်အဆင့်ထိ ရောက်တတ်တာမျိုးပါ။ သတင်းသမားတွေက အာဏာပိုင်လည်းကြောက် ရ၊ အာဏာ မပိုင် တပိုင်တွေလည်း ကြောက်ရသလို ဖြစ်နေပြီ။ ချောင်ဟန့်သံက တစ်သံတည်း မကတော့ ဘူး၊ နှစ်သံတောင် ဖြစ်နေပြီ ထင်ပါတယ် ခင်ဗျာ။

ခုနောက်ပိုင်း ထပ်သိရတဲ့ အချက်အလက်တွေအရ တရားလိုရဲ့ခင်ပွန်းဟာ (စရဖ) ထောက်လှမ်းရေးက ဗိုလ်ကြီးတစ်ယောက် ဖြစ်တယ်တဲ့။ အဲဒီဗိုလ်ကြီးကလည်း တရားခွင်ကို မကြာခဏလာတယ်တဲ့။ အော် ဒါ တွေဒီလိုရှိတာ မောင်မှန် ခုမှသိရပါတယ်။ အမိန့်ချလိုက်တဲ့ တရားသူကြီးကလည်း အစဉ်အလာတွေ ကြီးပါဘိသနဲ့။ မောင်မှန် ကြားရတဲ့ နောက်ဆက်တွဲသတင်းတွေဟာ အားလုံးမဟုတ်သည့်တိုင် တချို့ တစ်ဝက်ကတော့ မှန်ပါလိမ့်မယ်။ ဘယ်လိုပဲပြောပြော သည်လိုသတင်းတွေ ထွက်လာရင်ပဲ ဒီဖြစ်ရပ် အတွက် ပုံရိပ်က မကောင်းပါဘူး။ အေးလေ မောင်မှန် သိပ်မရေးဝံ့ပါဘူး။ ဘာတဲ့ ဥပဒေထောက်ချောက် ဆိုလား၊ ဘာလား။ အဲဒီဟာကြီးကို မောင်မှန်ရောက်သွားရင် ခက်ရချည်ရဲ့။

ဒီအမှုကို သေချာဆန်းစစ်လိုက်တော့ “တရားလိုကရှေ့နေ၊ ရှေ့နေရဲ့အဖေက ခရိုင်ဥက္ကဋ္ဌ၊ ရှေ့နေရဲ့ ခင်ပွန်းက စရဖ၊ တရားခံက သတင်းထောက်” အမယ်လေး မောင်မှန် ကြောက်ကြောက်ပါခင်ဗျာ။ ဥပဒေ ထောင်ချောက် ဆိုတာကြီးထဲလည်း မ၀င်ပါရစေနဲ့။ အခုလို ချောင်းဟန့် အချက်ပေးတာကို ကျေးဇူးတင် လှပါပြီ။ မောင်မှန် အရေးအသားတွေ လွန်တာရှိရင်လည်း (အားလုံးအားလုံးကို ) ၀န္ဒာမိပါခင်ဗျာ။ အပြစ် တော်မတင်ဘဲ အချစ်တော်ဝင်ကြပါ။

ကမ္ဘာ့ စာနယ်ဇင်းအဖွဲ့တွေ၊ ဘာတွေ ညာတွေဆိုတာတွေကတော့ မောင်မှန်လို မဟုတ်ဘူး ခင်ဗျာ။ အုန်းအုန်းကျွက်ကျွက် ဆူညံပွက်ပြီး သတင်းထောက်မခိုင် ပြန် လည်လွတ်မြောက်ဖို့အရေး တောင်းဆို ပေးနေတာ တွေ့ရပါတယ်။ မောင်မှန်ကတော့ ကိုယ်ထောင်မကျရုံလောက်ကလေးပဲ ရေးရဲတာပါ ခင်ဗျာ။
မောင်မှန်
Mizzima - News in Burmese