Sunday, December 22, 2013

၂၀၁၄ ခုနှစ်အထိ နိုင်ငံရေးအကျဉ်းသား ရှိနိုင်သေးဟုဆို

ဒီဇင်ဘာလ ၂၃ ရက်၊ တနင်္လာနေ့၊
လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ လုပ်ငန်းများအားလုံး ဒီဇင်ဘာတွင် အပြီးသတ် နိုင်မည့်အခြေအနေမရှိသဖြင့် ယခုနှစ်ကုန် နိုင်ငံရေးအကျဉ်းသားအားလုံး မရှိစေရဟု သမ္မတပေးထား သည့် ကတိမပြည့်ဝနိုင်ဘဲ ၎င်းတို့ လွတ်မြောက်ရေးကို ၂၀၁၄ ခုနှစ်အထိ ဆက်လက် ဆောင်ရွက်ရဖွယ် ရှိသည်ဟု ကော်မတီဝင် ဦးဘိုကြည်က ဒီဇင်ဘာ၂၂ ရက်တွင် မဇိ္ဈမကို ပြောသည်။

“ဒီနှစ်အကုန်မှာပြီးဖို့က တော်တော်ခက်ခဲတယ်။ ဒါကြောင့်ဒီနှစ်ကုန်လည်း ကော်မတီက ဆက်ရှိနိုင်သေး တယ်။ အစိုးရဘက်ကလည်း ဆက်ပြီး လက်ခံနိုင်မယ့် ပုံရိပ်ရှိတာကို မြင်ရတယ်။ လက်ကျန်ရှိနေတဲ့ စာ ရင်းတွေအပေါ်မှာလည်း အမြင်မတူတာတွေရှိနေတာတွေ ဒါတွေကို သေချာဆွေးနွေးစိစစ်သွားဖို့ ဒီဇင် ဘာအကုန်မှာပြီးဖို့ ခက်ခဲနေတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသား ၅၀ ဦးထက်မနည်း၏ အမှုတွဲများကို ကော်မတီက စိစစ် ဆွေး နွေးနေဆဲ အခြေအနေတွင် ရှိနေသည်။ ယင်းကြောင့် ရက်သတ္တပတ် တစ်ပတ်ကျော်သာ ကျန်တော့ သည့် ယခုနှစ်ကုန်တွင် စာရင်းရှိ နိုင်ငံရေးအကျဉ်းသားစုစုပေါင်း၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကိုသာ အပြီး သတ် စိစစ်နိုင်ဖွယ်ရှိနေခြင်းဖြစ်သည်။

“ကျွန်တော်တို့မှာက တပ်နဲ့ပတ်သက်တဲ့ အမှုတွေကိုဆိုရင် သက်ဆိုင်ရာ မိခင်တပ်ရင်းထိ သဘောထားတွေ ယူရတာတွေရှိတယ်။ ကော်မတီရဲ့သဘောတစ်ခုတည်းနဲ့ မပြီးဘူး။ ဒီလိုရှုပ်ထွေးတာတွေလည်း ရှိ တယ်။ ဒါတွေကြောင့်လဲ ကျန်နိုင်တာ။ ပုဒ်မ(၁၈) ၅၀၅/ခ တွေကတော့ ကုန်သွားနိုင်တယ်”ဟု ၎င်းက ဆိုသည်။

ဆွေးနွေးစိစစ်ဆဲများတွင် တပ်မတော်အက်နှင့် ပတ်သက်သည့် အမှုပေါင်း ၁၂ ခုအထိ ပါဝင်နေခြင်းဖြစ် ပြီး အပြီးသတ် စိစစ်နိုင်ရန် ဆက်လက် ဆောင်ရွက်ရန် လိုနေခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတရုံးဘက်ကမူ သမ္မတသည် ကတိအတိုင်း ဆောင်ရွက်မည်ဖြစ်သဖြင့် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီအနေဖြင့် ယခုလအတွင်း အပြီးသတ် ဆောင်ရွက်ရန်လိုသည်ဟု မဇ္ဈိမကို ပြောသည်။

“ဒီဇင်ဘာအတွင်း ကော်မတီက အပြီးလုပ်ဖို့ လိုတယ်။ ဟိုဘက်ကိုရောက်သွားရင်တော့ လွတ်မလွတ်ဆို တာနဲ့ ဘာဖြစ်နိုင်တယ်ဆိုတာက ပြောလို့မရဘူး။ ဒီဇင်ဘာအတွင်း မပြီးရင်တော့ ကျန်ခဲ့မှာပဲ”ဟု သမ္မတ ရုံး အကြီးတန်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။ အမှုတွဲပါအချက်များကို စိစစ်ရာတွင် နိုင်ငံရေးအကျဉ်း သားအဖြစ် သတ်မှတ်ရန် ကိစ္စအပေါ် သဘောထားကွဲလွဲမှုများရှိ၍ သတ်မှတ်ချိန်အတွင်း သမ္မတထံတင် ပြနိုင်ခြင်းမရှိပါက ကျန်ရစ်ခဲ့နိုင်သည်ဟု ၎င်းက သုံးသပ်သည်။

ကော်မတီအနေဖြင့် နိုင်ငံရေးဖြစ်စဉ်များ၊ တပ်မတော်၏ ဖိအားပေးမှုများ၊ နိုင်ငံရေးအရ ဖိနှိပ်ခြင်းများ၊ အမှန်တကယ် ကျူးလွန်ခဲ့ခြင်းမရှိဘဲ ရာဇ၀တ်ပုဒ်မများဖြင့် အကျဉ်းချခံထားရသူများ စသဖြင့် ပြစ်ဒဏ်ချခံရ ခြင်းများအပေါ် စိစစ်၍ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထို့ပြင် ခွင့် ပြုချက်မယူဘဲ စီတန်းလှည့်လည်မှု (ပုဒ်မ ၁၈)၊ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကဲ့သို့သော ပုဒ်မများဖြင့် လက်ရှိအစိုးရလက်ထက် အမှုရင်ဆိုင်နေရသူနှင့် ဖမ်းဆီးခံထားရသူ ဦးရေ ၂၀၀ ကျော်အထိ ရှိနေပြီး ယင်းတို့လွတ်မြောက်ရေးကိုလည်း ကော်မတီက ကြိုးပမ်းနေရဆဲသာ ဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများကို ၁၄ ကြိမ်အထိ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားခဲ့ပြီး စုစုပေါင်း ၁၁၀၀ ကျော် လွတ်မြောက်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၏ စာရင်းများက ဆိုသည်။
ဟိန်းကိုစိုး
Mizzima - News in Burmese