Monday, December 2, 2013

ABSDF မြောက်ပိုင်း ခေါင်းဆောင်ဟောင်း ရဲဘော်သံချောင်းကို နိုင်ငံရေး အကျဉ်းသားအဖြစ် စိစစ်နေဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂
မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်း ပါဂျောင်စခန်းတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခြင်း ခံထားရသော ဦးသံချောင်း (ခေါ်) စပ်ခွန်ကျော်ကို နိုင်ငံရေး အကျဉ်းသားအဖြစ် စိစစ်နေဆဲ ဖြစ်ကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က The Voice သို့ ပြောကြားသည်။
“RCSS နဲ့ ဆက်နွှယ်ပြီး အဖမ်းခံရတာလေ၊ အတူတူ အဖမ်းခံရတဲ့သူတွေ လွတ်လာတော့ သူလည်း လွတ်မှာပါ၊ ပါဂျောင် ကိစ္စကတော့ သူအပြစ်ရှိရင် ဥပဒေအရ ခံရမှာပါ” ဟု ၎င်းကဆိုသည်။

တပ်မတော် အစိုးရ လက်ထက်တွင် ဦးသံချောင်း အပါအဝင် ABSDF အဖွဲ့ဝင် ၄၃ ဦးက RCSS အဖွဲ့ နှင့် ဆက်နွှယ်မှု ရှိသည်ဟုဆိုကာ ဖမ်းဆီး ထောင်ချခံခဲ့ရပြီး အစိုးရသစ် လက်ထက်တွင် အယောက် ၄၀ ဦးကို ပြန်လွတ်မြောက် လာသော်လည်း သုံးဦး ကျန်ရှိနေသေးသဖြင့် ယင်းသို့ စိစစ်နေခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ဦးသံချောင်းကို ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ၏ ထောက်ခံချက်ဖြင့် နိုင်ငံရေး အကျဉ်းသားအဖြစ် စိစစ်နေခြင်း ဖြစ်သော်လည်း လွတ်မြောက်လာပါက မြောက်ပိုင်း လူသတ်မှုကို ဥပဒေကြောင်းအရ ဆက်လက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဦးရဲအောင်က ရှင်းပြသည်။

အဆိုပါ ABSDF မြောက်ပိုင်း အစုလိုက်၊ အပြုံလိုက် ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်မှုများတွင် သေဆုံးသူ ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်နှင့် ဦးစိန် မိသားစုဝင်များက ဦးသံချောင်း အပါအဝင် ABSDF အဖွဲ့ဝင်ဟောင်း ကိုးဦးကို သက်ဆိုင်ရာ ရဲစခန်းများတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက အမှုဖွင့်ထားပြီး စီအိုင်ဒီမှ စုံစမ်းမှုများ စတင်ပြုလုပ်နေကြောင်း ABSDF အဖွဲ့ဝင်ဟောင်း ရဲဘော်များထံမှ သိရသည်။

အဆိုပါ မြောက်ပိုင်း လူသတ်မှုကို စုံစမ်း စစ်ဆေးပေးရန်အတွက် အထူးစစ်ဆေးရေး အဖွဲ့နှင့် အထူးတရားရုံး ဖွင့်လှစ်ပေးရေး နိုင်ငံတော်သမ္မတထံ တောင်းဆိုမည် ဖြစ်ကြောင်း ABSDF ရဲဘော်ဟောင်းများ အဖွဲ့က နိုဝင်ဘာလအတွင်း ပြောကြားထားသည်။

ABSDF မြောက်ပိုင်း ပါဂျောင်စခန်းတွင် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ တပ်မတော် ထောက်လှမ်းရေးဟု ဆိုကာ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် အပါအဝင် ကျောင်းသားရဲဘော် ၃၅ ဦး သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ABSDF က စုံစမ်းရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းထားပြီး ကချင်ပြည်နယ် ပါဂျောင်ဒေသနှင့် ပါဝင် ပတ်သက်ခဲ့သူ အချို့ကို စစ်ဆေးလျက် ရှိကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly