Saturday, November 30, 2013

SEA Games ကာလ မန္တလေးတွင် ငွေဖြည့်ကတ်သုံး ဖုန်းများထားရှိမည်

မန္တလေး နိုဝင်ဘာ ၂၉
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အားကစားနည်း ပြိုင်ပွဲအချို့ ကျင်းပမည့် မန္တလေးမြို့တော်တွင် ဆက်သွယ်ရေး အဆင်ပြေစေရေးအတွက် အမျိုးသမီး ဘောလုံးပွဲ ကျင်းပပြုလုပ်မည့် သီရိမန္တလာ အားကစားကွင်း အနီးနှင့် ကစားသမားများ တည်းခိုမည့် ဟိုတယ် များတွင် ငွေဖြည့်ကတ်များဖြင့် ဖုန်းပြောနိုင်မည့် ဖုန်းကောင်တာများ ထားရှိသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တိုင်းမန်နေဂျာက ပြောကြားသည်။

အဆိုပါ နေရာများတွင် ကြိုးဖုန်း ကောင်တာ ၁၀ လုံးနှင့် GSM ဖုန်းကောင်တာ ငါးလုံး စုစုပေါင်း ၁၅ လုံးကို ထားရှိသွားမည် ဖြစ်ကြောင်း၊ ဖုန်းပြောရန်အတွက် ကျပ်ငါးထောင်တန်နှင့် ကျပ်တစ်သောင်း တန် ငွေဖြည့်ကတ်များကို မြို့တွင်းရှိ စတိုးဆိုင်များတွင် ဝယ်ယူနိုင်ရေး စီစဉ်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

ယင်းဖုန်းကောင်တာ များကို SEA Games ကာလ အတွင်းတွင်သာ ထားရှိပေးသွားမည် ဖြစ်ပြီး ပြိုင်ပွဲကာလ ပြီးဆုံးသွားပါက ပြန်လည် သိမ်းဆည်းမည် ဖြစ်ကြောင်း၊ သို့သော်လည်း နောင်လိုအပ်သည့် နေရာ များတွင် ထားရှိရန် အစီအစဉ် ရှိကြောင်း ၎င်းက ရှင်းပြသည်။

“ဒါမျိုး အလွယ်တကူ ငွေဖြည့်ကတ်နဲ့ အခြားနိုင်ငံတွေမှာ ရှိသလို လမ်းဘေး ဖုန်းကောင်တာလေးတွေ ထားရှိပေးတော့ ကောင်းတာပေါ့။ PCO တွေမှာ ဆက်ရတာ တောင်းတဲ့နှုန်း မတူဘူး။ တစ်ခါတလေ တစ်မိနစ်ထဲ ပြောတာကို ၁၀၀ လောက် တောင်းချင်တောင်းတာ။ အခု ငွေဖြည့်ကတ်နဲ့ ဖုန်းကောင်တာတွေကနေ ဖုန်းပြောရရင် ကိုယ်ပြောတဲ့ တစ်မိနစ်စာဆိုရင် တစ်မိနစ်စာပဲ ဒီကတ်ထဲကနေ ငွေနုတ်သွားမှာလေ” ဟု မန္တလေးမြို့တော်တွင် ဆိုင်ကယ်တက္ကစီ မောင်းနှင်နေသော ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ အသက် ၃၀ အရွယ် ဦးဝတုတ်က ဆိုသည်။

SEA Games ကာလ ပြီးဆုံးသွားပါကလည်း ယင်းကဲ့သို့ ဖုန်းကောင်တာ များကို မြို့တော် လူစည်ကားသော နေရာအချို့တွင် ထားပေးသွားမည် ဆိုပါက ပြည်သူများ ဆက်သွယ်ရေး အဆင်ပြေနိုင်ကြောင်း ၎င်းက ထောက်ပြသည်။
The Voice Weekly