Thursday, November 14, 2013

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် NLD လူငယ်ညီလာခံတစ်လနောက်ဆုတ်

(ဓာတ်ပုံ - ဟောင်ဆာ)
သောကြာနေ့၊ နိုဝင်ဘာလ ၁၅
NLD ပါတီက နိုဝင်ဘာ ၁ဝ ရက်တွင် ဗိုလ်စိန်မှန်အားကစားကွင်း၌ ကျင်းပခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး တိုင်းလုံးကျွတ်လူထုဆန္ဒခံယူပွဲကို တွေ့ရစဉ်။ NLD သည် ဖွဲ့စည်းပုံပြင်ဆင်ရေး ဦးစားပေးဆောင်ရွက်နေသည့်အတွက် လူငယ်ညီလာခံ ကို ၂ဝ၁၄နှစ်ဆန်းပိုင်းတွင် ပြောင်းရွှေ့ကျင်းပ မည်ဖြစ်သည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာလှုပ်ရှားမှုများ ဦးစားပေးလုပ်ဆောင်နေရသည့်အ တွက် နှစ်ကုန်တွင်ကျင်းပရန်စီစဉ်ထားသည့် NLD လူငယ်ညီလာခံကို တစ်လနောက်ဆုတ် ကျင်းပသွားမည်ဟု ညီလာခံကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဦးက မဇ္ဈိမကိုပြောသည်။

မူလက ဒီဇင်ဘာတွင်ကျင်းပရန် ကြေညာထားခဲ့သော်လည်း ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလရောက်မှသာ ကျင်းပရန် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ “ဇန်န၀ါရီလဆန်းလောက်မှ NLD လူငယ်ညီလာခံကျင်း ပဖို့ရှိတယ်။ NLD က ဦးဆောင်ဆောင်ရွက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် စည်းရုံးရေး ကိုဇောင်း ပေးနေတာလဲပါတယ်။ အခုလူငယ်အဖွဲ့ဝင်သစ်တွေ စုဆောင်းနေပါတယ်” ဟု ဦးမောင်မောင်ဦး ကပြော သည်။

NLD လူငယ်ညီလာခံကျင်းပနိုင်ရန် တိုင်းနှင့်ပြည်နယ်အသီးသီးသို့ အဖွဲ့ဝင်ခွင့်လျှောက်လွှာများ ပေး ပို့ ဆောင်ရွက်နေပြီး စောင်ရေခြောက်သောင်းကျော် ရောင်းချထားပြီးသည်ဟုဆိုသည်။ လက်ရှိတွင် လူငယ်အဖွဲ့ဝင်အင်အား ငါးထောင်ကျော်ရရှိထားပြီးဖြစ်ကာ ချင်းပြည်နယ်မှ အဖွဲ့ဝင်အများဆုံးဖြစ်သည်။

NLD လူငယ်ညီလာခံကို ယင်းသို့ တစ်လနောက်ဆုတ် ကျင်းပမည်ဆိုခြင်းမှာ မှန်ကန်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုတောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းကလည်း အတည်ပြုပြောဆိုသည်။ အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိ မြန်မာနိုင်ငံသားဖြစ်သူ မည်သူမဆို လူငယ်အဖွဲ့ဝင်အဖြစ် ၀င်ရောက်နိုင်သည်။

အဆိုပါ လူငယ်ညီလာခံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အနာဂတ်မူဝါဒလုပ်ငန်းစဉ်များ စနစ်တ ကျ လေ့ကျင့်ပျိုးထောင်ခြင်း၊ မြို့နယ်နှင့် ခရိုင်အဆင့် အလုပ်အမှုဆောင်များနှင့် လူငယ်အမှုဆောင်များကို တွဲဖက်တာဝန်ယူ လုပ်ကိုင်စေမည်ဟု ထုတ်ပြန်ထားသည်။ ထို့ပြင် ညီလာခံသို့ တက်ရောက်လာမည့် အမျိုးသမီးများ၊ တိုင်းရင်းသားလူငယ်များကို လာမည့်ရွေးကောက်ပွဲများအတွက် ကိုယ်စားလှယ်လောင်း များအဖြစ်လည်း ရွေးချယ်ရန် စီစဉ်ထားသည်။
အေးမြင့်စန်း
Mizzima - News in Burme