Thursday, November 14, 2013

အမျိုးသားပညာရေး ဥပဒေမူကြမ်း ရေးဆွဲရာတွင် NLD ဦးဆောင်သည့် ပညာရေးအဖွဲ့ပါဝင်ခွင့်ပြု

NLD ဦးဆောင်သော အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်သည့်ပညာရေးအဖွဲ့ကို အမျိုးသားပညာရေး ဥပဒေမူကြမ်းရေးဆွဲရာ၌ လွှတ်တော်ဘက်က ပါဝင်ခွင့်ပြုလိုက်ကြောင်း သိရသည်။

ဒေသအလိုက် လူထုသဘောထား မှတ်ချက်များအား ယခုနှစ်မှစ၍ ကွင်းဆင်းကောက်ယူပြီး လွှတ်တော်သို့ တင်ပြမည်ဟု NLD ပါတီဗဟိုကော်မတီဝင် ဒေါက်တာသိန်းလွင်နှင့်အဖွဲ့၏ အကြံ ပြုချက်ကြောင့် လွှတ်တော်ဥပဒေမူကြမ်း ရေးဆွဲရာ၌ပါဝင်ခွင့်ပြုရန် လက်ခံလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ဒေါက်တာသိန်းလွင်က ''အစိုးရလည်းမဟုတ်၊ လွှတ်တော်ကိုယ်စားလှယ်လည်းမဟုတ်တာကို လွှတ်တော်က လက်ခံလိုက်တယ်''ဟု ပြောသည်။

ပြည်သူ့လွှတ်တော်ရှိ ဇမ္ဗူသီရိခန်းမ၌ နိုဝင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့ အထိကျင်းပသော ဥပဒေမူကြမ်းရေးဆွဲ ရေး အစည်းအဝေးတွင် ၎င်းတို့အဖွဲ့တက်ရောက်ဆွေးနွေးခဲ့ရပြီး အဖွဲ့၏တင်ပြချက် အတော်များများကို လွှတ်တော်တာဝန်ရှိသူတို့က လက်ခံခဲ့ ကြကြောင်းလည်း ဒေါက်တာ သိန်းလွင်က ဆိုသည်။

''အခုပြဋ္ဌာန်းမယ်ဆိုတဲ့ ဥပဒေကြီး က မြန်မာ့ပညာရေးမှာ ပထမဦးဆုံးနဲ့ အရေးကြီးဆုံး ဥပဒေကြီးလည်းဖြစ်တယ်။ တော်တော်လေးလည်း အရေးကြီးပါတယ်။ အမှားမခံပါဘူး''ဟု ၎င်းက ဆက်ပြောသည်။

လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန စသော ပညာရေးနှင့် သက်ဆိုင်သော ဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိတို့အပါအဝင် ပညာရေးမြှင့်တင်ရေးကော်မတီတို့နှင့်အတူ NLD ဦးဆောင်သော NNER အဖွဲ့တို့က ဥပဒေမူကြမ်း ကို ဆွေးနွေးခဲ့ကြသည်။ သို့သော် NNER အဖွဲ့မှ တင်ပြချက်တိုင်းကို အစိုးရနှင့် လွှတ်တော် ပညာရေးမြှင့်တင်မှုကော်တီဘက်မှ အားလုံးလက်ခံခဲ့သည် မဟုတ်ဘဲ အချို့သောအချက်အလက်များ၌ သဘော ထားကွဲလွဲမှုတို့ရှိကြောင်းလည်း အစည်းအဝေးသို့ တက်ရောက်ခဲ့သူ အချို့ထံမှ သိရသည်။

ဒေါက်တာ သိန်းလွင်က''ရှေးဦးကလေးသူငယ် ပြုစုရေးကဏ္ဍနဲ့ သက်မွေးပညာနဲ့ တက္ကသိုလ်၊ ဒီကဏ္ဍတွေ သဘောထားမတိုက်ဆိုင်ဘူး။ ဆက်ဆွေးနွေးရမှာပါ''ဟု ပြောသည်။

ပညာရေးမူကြမ်း အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်နှစ်ခု၌ ဘွဲ့ကြိုသင်တန်းခေါ်ယူမှုတွင် တစ်ဘာသာလျှင် ၁၅ ဦးခေါ်ယူမှုက ပညာရေးသင်ယူမှုအပေါ် ကန့်သတ် ထားသလို ဖြစ်နေသည်ဟု ဝေဖန်ခဲ့သည်။
PN051
Popular Myanmar News Journal