Friday, November 22, 2013

မြိတ်မြစ်အတွင်း စက်လှေတစ်စီး စက်နှိုးစဉ် အင်ဂျင်ပိုင်းမှ ရှော့ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွား


မြိတ် နိုဝင်ဘာ ၂၁ ရက်
ကျွန်းစုမြို့နယ် ပထော်ကျေးရွာ ပထော်ကမ်းအရှေ့ဘက် ပေ (၁၅၀)အကွာ မြိတ်မြစ်အတွင်း တွင် နိုဝင်ဘာလ (၂၁)ရက် ညနေ(၄း၄၅)နာရီအချိန်၌ စက်လှေတစ်စီး စက်နှိုးစဉ် အင်ဂျင်ပိုင်း မှ ရှော့ဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။




ဖြစ်စဉ်မှာ သရက်ချောင်းမြို့နယ် ကင်မွန်းချုံးကျေးရွာနေ ရဲအောင် ပိုင်ဆိုင်သော အလျား (၇)လံ အနံ (၂) လံခွဲရှိသော သစ်သားစက်လှေသည် မြိတ်မြို့တွင် ကဏန်းများရောင်းချကာ မြိတ်မြစ်အတွင်းရှိ MT-189 ဆီဘောမှ ဓာတ်ဆီ (၁၄)ပီပါ၊ ဒီဇယ် (၁၀)ပီပါ၊ စုစုပေါင်း (၂၄)ပီပါ တင်ဆောင်ပြီး ကင်မွန်းချုံးကျေးရွာသို့ ပြန်ရန် စက်လှေအားစက်နှိုးစဉ် အင်ဂျင်ပိုင်း မှရှော့ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စက်လှေမှာ နစ်မြုပ်သွားခဲ့ရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။


အဆိုပါ ပေါက်ကွဲမှုကြောင့် စက်လှေတွင်ရှိသော လူ (၅)ဦးအနက် (၄)ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများမှာ ရန်နိုင်ထွန်း (၂၃)နှစ်တွင် ဆံပင်၊ လက်မောင်း ၀ဲ/ယာ၊ လက်ဖျံ၊ ညာဘက် ခြေသလုံးတို့တွင် မီးလောင်ဒဏ်ရာ၊ သက်ထွေး (၁၉)နှစ်တွင် ဆံပင်၊ ခါး ၀ဲ/ယာ၊ ဒူးခေါင်း ၀ဲ/ယာအတွင်းဘက် မီးလောင်ဒဏ်ရာနှင့် မျက်နှာမီးဟပ်ဒဏ်ရာ၊ အောင်သူ (၂၈)နှစ်တွင် မျက်နှာ မီးဟပ်ဒဏ်ရာ၊ ဦးသိန်းမောင်တွင် ခြေမျက်စိ ၀ဲ/ယာ ဖူးရောင်ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့ရာ ၄င်းတို့ (၄)ဦးအား မြိတ်အထွေထွေရောဂါကုဆေးရုံ ကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Tanintharyi Thar