Thursday, November 28, 2013

ကမ္ဘာ့ဖလားဖွင့်ပွဲကျင်းပမည့် အားကစားကွင်းတွင် ကရိန်းပျက်ကျ လူ ၂ ဦးသေ

28 Nov 2013
ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့ရှိ အားကစားကွင်းတစ်ခု၏ အမိုးပေါ်သို့ ကရိန်းပျက်ကျခဲ့ရာ အနည်းဆုံး လူ ၂ ဦးသေဆုံးကြောင်း သိရသည်။ အဆိုပါ အားကစားကွင်းတွင် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘော လုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်ပရန် စီစဉ်ထားခြင်းဖြစ်သည်။ မီးသတ်ဌာန အကြီးအကဲ မော်ရိုလိုပက်စ် က ကရိန်ပျက်ကျမှုအတွင်း လူ ၂ ဦးသေဆုံးကြောင်း အတည်ပြုပြီး သေဆုံးသူအရေအတွက် တိုးမြင့် လာနိုင်ကြောင်းလည်း ပြောကြားသည်။ သို့သော် အားကစားကွင်း တည်ဆောက်ရေး အလုပ်သမား များ နေ့လည်စာစားချိန်တွင် ကရိန်းပျက်ကျမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အသေအပျောက် အလွန်အမင်း မများနိုင်ကြောင်း လိုပက်စ်က ခန့်မှန်းသည်။ ဘရာဇီးလ်သတင်းဌာန Globo ၏အဆိုအရ လူတစ်ဦးမှာ အပျက်အစီးအောက်တွင် ပိတ်မိနေကြောင်း သိရသည်။

ကရိန်းပျက်မှု ဖြစ်ပွားခဲ့သည့် အားကစားကွင်းကို အရီနာ ကိုရင်သီယန်စ် (Arena Corinthians) ဟု လောလောဆယ် အမည်ပေးထားပြီး ဒီဇင်ဘာလကုန်တွင် အပြီးသတ် တိုးချဲ့ပြင်ဆင် တည်ဆောက်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က သတ်မှတ်ထားသည်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပမည့် ဘရာဇီးလ်ရှိ အားကစားကွင်း စုစုပေါင်း ၁၂ ခုကို အချိန်မီ အပြီးသတ်နိုင်ရန် လိုအပ်နေဆဲဖြစ်သည်။ ဘရာဇီးလ် ရုပ်မြင်သံကြားသတင်းဌာနတစ်ခုက ဖော်ပြသည့် ပုံတွင် ကြီးမားသည့် ကရိန်းအစိတ် အပိုင်းများမှာ အားကစားကွင်း အမိုးပေါ်တွင် ပျက်ကျလျက်ရှိပြီး အားကစားကွင်း၏ အရှေ့ဘက်ခြမ်းမှာ ပျက်စီးသွားကြောင်း တွေ့ရသည်။

ထို့အပြင် အားကစားကွင်း အပြင်ဘက်တွင် တပ်ဆင်ထားသော LED Screen တစ်ခုလည်း ပျက်စီးသွားသည်။ အရီနာ ကိုရင်သီယန်စ် အားကစားကွင်းကို တာဝန်ယူတည်ဆောက်နေသည့် ဘရာဇီးလ်ကုမ္ပဏီ Odebrecht က ယခုဖြစ်ရပ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှု ပြုလုပ်ဖွယ်ရှိသည်။ အရီနာ ကိုရင်သီယန်စစ် အားကစားကွင်းကို ၂၀၁၁ ခုနှစ် မေလတွင် စတင်တည်ဆောက်ခဲ့ပြီး လက်ရှိအချိန်တွင် တည်ဆောက်မှု ၉၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဖွင့်ပွဲ အခမ်းအနားကို အရီနာ ကိုရန်သီယန်စ်ကွင်းတွင် ဇွန်လ ၁၂ ရက်၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဘရာဇီးလ်အသင်း၏ ပထမဆုံးပွဲစဉ်ကိုလည်း ထိုကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ကရိန်းပျက်မှု ဖြစ်ပွားသည့် အရီနာ ကိုရင်သီယန်စ် အားကစားကွင်းမှာ မူလက ပရိသတ် ၄၈,၂၃၄ ဦး ဝင်ဆန့်သည့် ကစားကွင်းဖြစ်သော်လည်း ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပရန်အတွက် ပရိသတ် ၆၅,၀၀၀ ဝင်ဆန့်နိုင်ရန်အတွက် တိုးချဲ့ပြင်ဆင် တည်ဆောက်နေခြင်းဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးပါက အဆိုပါ အားကစားကွင်းမှာ ဘရာဇီးလ်ဘောလုံးကလပ်အသင်း ကိုရင်သီယန်စ်၏ အိမ်ကွင်းဖြစ်လာမည် ဖြစ်သည်။ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ဘရာဇီးလ်နိုင်ငံ၏ မြို့ ၁၂ မြို့ရှိ အားကစားကွင်းများတွင် ကျင်းပသွားမည်ဖြစ်သည်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲစဉ်နှင့် ပိတ်ပွဲအခမ်းအနားကို ရီယိုဒီဂျနေရိုမြို့ရှိ မာရာကန်နာ အားကစားကွင်းတွင် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၃ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
Planet Myanmar Network