Thursday, November 28, 2013

ခြောက်လအတွင်း နိုင်ငံခြားသား ခရီးသွား အာမခံထားရှိသူ ၂၀၀ ကျော် အတွက် ပေးလျော်ရခြင်းမရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၇
မြန်မာ့အာမခံ လုပ်ငန်း၏ အာမခံလုပ်ငန်း တစ်ခုဖြစ်သော နိုင်ငံခြားသား ခရီးသွား အာမခံအတွက် အာမခံထားရှိသူ ကမ္ဘာလှည့် ခရီးသည် ၂၆၅ ဦးအတွက် အာမခံ ထားရှိသည့်လမှ ခြောက်လအတွင်း အာမခံ ပေးလျော်ရခြင်း မရှိကြောင်း ခရီးသွား အာမခံဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံခြားသား ခရီးသွား အာမခံထားရှိသူ ကမ္ဘာလှည့် ခရီးသည်များသည် ၂၀၁၃ ခုနှစ် ဧပြီလမှ အောက် တိုဘာလအထိ ထားရှိခဲ့ကြပြီး ခရီးသွား ကုမ္ပဏီများ အစီအစဉ်ဖြင့် လာရောက်သော အုပ်စုလိုက် ခရီးသွား များ ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ “ကမ္ဘာလှည့်ခရီးသွား အာမခံအနေနဲ့ ပြီးခဲ့ တဲ့နှစ်မှာရော အခုဘဏ္ဍာရေးနှစ် မကုန်သေးတဲ့ အချိန်အထိ တစ်ခါမှ လျော်ကြေး ပေးရတာ မရှိသေးပါဘူး။ ပရီမီယံကြေး ရရှိမှုကတော့ ဘဏ္ဍာနှစ်ကုန်မှ သိရမယ်” ဟု ၎င်းကဆိုသည်။

မြန်မာ့အာမခံ လုပ်ငန်းတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွား အာမခံထားရှိသူ ၅၉၉ ဦးရှိရာ ပရီမီယံကြေးကျပ် ၅၉ သိန်းကျော် ရရှိခဲ့ပြီး လျော်ကြေး တစ်စုံတစ်ရာ ပေးလျော်ခဲ့ရခြင်း မရှိကြောင်း၊ အာမခံ ထားရှိမည် ဆိုပါက ခရီးသည် ပတ်စ်ပို့နံပါတ်၊ ခရီးစဉ် ဇယားတို့နှင့်အတူ သက်ဆိုင် ရာ အေဂျင်စီမှ ခရီးစဉ် မစတင်မီ လာရောက် ထားရှိရမည် ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားအာမခံ ပရီမီယံကို မြန်မာကျပ်ငွေဖြင့် တစ်ယူနစ်မှ ယူနစ် ၂၀ အထိ ဝယ်ယူနိုင်ကြောင်း၊ ခရီးလှည့် လည်သည့် ကာလ တစ်ပတ်လျှင် တစ်ယူနစ်အတွက် အာမခံ ပရီမီယံကြေး ကျပ် ၅၀၀၊ နှစ်ပတ်လျှင် အာမခံ ပရီမီယံ ကြေးကျပ် ၁၀၀၀၊ လေးပတ်လျှင် အာမခံ ပရီမီယံကြေး ကျပ် ၂၀၀၀ တို့ ပေးသွင်းရမည် ဖြစ်ပြီး တစ်ယူနစ်လျှင် ငွေကျပ်ငါးသိန်းမှ သိန်းတစ်ရာအထိ လျော်ကြေး ရရှိမည် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းခရီးသွား အာမခံဌာနထံမှ သိရသည်။

ခရီးသွား အာမခံ ဝယ်ယူထားသူများ အနေဖြင့် ခရီးသည်များ ယာဉ်စီးနင်း လိုက်ပါစဉ် ယာဉ်ကြောင့် သွယ်ဝိုက်၍ ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ သေဆုံး၊ ဒဏ်ရာရခြင်းအတွက် ဝယ်ယူထားသည့် ယူနစ်အ လိုက် လျော်ကြေး ရရှိနိုင်မည် ဖြစ်ကြောင်း၊ လျော်ကြေး အကျုံးမဝင်သည့် အချက်များရှိပြီး ရူးသွပ်ခြင်း၊ မိမိကိုယ်မိမိ သေကြောင်း ကြံစည်ခြင်း၊ တမင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို ထိခိုက် ဒဏ်ရာရရှိစေခြင်း စသည့် အချက်များ အပါအဝင် စည်းကမ်းချက်များနှင့် မညီညွတ်ပါက ပေးလျော်မည် မဟုတ်ကြောင်း အဆိုပါဌာန၏ ခရီးသွားအာမခံ ထားရှိမှု စည်းကမ်းချက် များတွင် ဖော်ပြထားသည်။

ခရီးသွား အာမခံတွင် ပြည်တွင်းပြည်ပ ခရီးသွား အာမခံဟူ၍ ရှိပြီး ပြည်ပခရီးသွား အာမခံကို ဌာနဆိုင်ရာ အရာထမ်း အမှုထမ်းများနှင့် ပြည်ပသို့ အလည်အပတ် သွားရောက်သူ အများထားရှိရာတွင် ပရီမီယံကို တစ်ယူနစ်မှ ၁၀ ယူနစ်အထိ ရောင်းချပေးလျှက် ရှိပြီး အချို့နိုင်ငံကြီးများသို့ သွားရောက်မည့် သူများအ တွက် ယူနစ် ၂၀ အထိ ရောင်းချပေးလျက် ရှိကြောင်း မြန်မာ့အာမခံ လုပ်ငန်းထံမှ သိရသည်။

မြန်မာ့အာမခံလုပ်ငန်းသည် နိုင်ငံပိုင် အာမခံ အဖွဲ့အစည်း ဖြစ်ပြီး ၁၉၅၂ ခုနှစ်က စတင်တည်ထောင်ချိန်က အသက်အာမခံ လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာမှ လက်ရှိတွင် အသက်အာမခံ အပါအဝင် အာမခံ အမျိုးအစား ၄၈ မျိုးကို လက်ခံဆောင်ရွက်လျက် ရှိသည်။
The Voice Weekly