Monday, November 18, 2013

အင်းလေးဧည့်ဝင်နှုန်း မြင့်လာသော်လည်း ဒေသထွက်ကုန် ရောင်းချသူတို့ အကျိုးခံစားရမှု အလွန်နည်းပါး

အင်းလေးဖောင်တော်ဦးဘုရားသို့ လာ ရောက်လည်ပတ်ကြသော နိုင်ငံခြားသားဧည့် ဝင်နှုန်း ဆယ်ဆမြင့် တက်လာသော်လည်း ဒေသ ထွက်ကုန်ပစ္စည်း ဝယ်ယူမှုမှာ မရှိသလောက် နည်းပါးကြောင်း ဈေး သည်များထံမှ သိရသည်။

ယခင်နှစ်များတွင် အင်းလေးဖောင်တော်ဦး ဘုရားသို့ နိုင်ငံခြားဧည့်များ လာရောက်လည်ပတ် မှုနှုန်းမှာ တစ်နေ့လျှင် လူဦးရေ ၅ဝ ခန့်ရှိသော် လည်း ယခုနှစ်တွင်မူ တစ်နေ့လျှင် လူဦးရေ ၄ဝဝ မှ ၅ဝဝ ကြား လာရောက်လည်ပတ်လျက်ရှိ ကြောင်း သိရသည်။

အင်းလေးဒေသထွက် ကုန်ပစ္စည်းများ ရောင်းချသော ဦးထွန်းလင်းက ”ဒီနှစ်မှာ ခရီး သွားတွေ အရမ်းများ တယ်။ ဒါပေမဲ့ ဒီမှာရှိတဲ့ ဆိုင်တိုင်းလိုလို မရောင်းရဘူး။ အဲဒီထဲမှာမှ ဈေးဦးမပေါက်တဲ့ဆိုင်တွေတောင် ရှိတယ်”ဟု ပြောသည်။

ယခင်နှစ်များက နိုင်ငံခြားဧည့် ဝင်ရောက်မှု နည်းသော်လည်း အင်းလေး ဒေသထွက်ပစ္စည်း များကို ဝယ်ယူ မှုများကြောင်း၊ တစ်နေ့လျှင် ဈေး သည်တစ်ဦး၏ ပျမ်းမျှ အမြတ်ဝင်ငွေမှာ အနည်း ဆုံးကျပ် ၁ဝဝဝ ခန့်မှနှစ်သောင်းခန့်အထိ ရရှိပြီး ယခုနှစ်တွင်မူ တန်ဖိုးနည်းပစ္စည်းများသာရောင်း ထွက်၍ ပျမ်းမျှ အမြတ်ငွေမှာ အများဆုံး ၃ဝဝဝ ခန့်သာရရှိကြောင်း ၄င်းကပြောသည်။

အသက် ၅ဝ ဝန်းကျင်ရှိ အမျိုးသမီးဈေး သည်တစ်ဦးက ”နိုင်ငံခြားသားတွေက အရမ်း လာကြတယ်။ သူတို့က ဓာတ်ပုံရိုက်ကြတယ်။ ပစ္စည်းဝယ်မယ်ဆို လည်း ပြည်တွင်း ကလူတွေ ထက်တောင် ဈေးအ ရမ်းဆစ်ကြတယ်”ဟု ပြော သည်။

ဖောင်တော်ဦးဘုရားပေါ်တွင် ရောင်းချ သော ဒေသထွက် ကုန်ပစ္စည်းများမှာ ငွေထည်၊ ကျောက် ထည်နှင့် ပြုလုပ်သောအသုံးအဆောင် ပစ္စည်းများနှင့် ရိုးရာချည်ထည် ဝတ်စုံတို့ အများ ဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါဈေးသည်များကို ဘုရားပေါ်တွင် ဈေးရောင်းချခွင့်အား အတည်တကျသတ်မှတ် ပေးထားခြင်း မရှိဘဲ နေရာအရွှေ့အပြောင်းများ ပြုလုပ် ခိုင်းခြင်းသည်လည်း ဈေးရောင်းအား ကျ ဆင်းမှုတစ် ရပ်ဖြစ်ကြောင်း ၄င်းတို့က ပြောသည်။

ငွေထည်၊ ကျောက်ထည်နှင့် ပြုလုပ်သော ပစ္စည်းများမှာ အနိမ့်ဆုံးဈေး ကျပ်၂ဝဝဝ မှ ကျပ် ၉ဝဝဝဝ ဝန်းကျင်အထိရှိပြီး ရိုးရာချည်ထည် တစ်ထည်လျှင် အနိမ့်ဆုံး ၄၅ဝဝ မှ ၁ဝဝဝဝ ကျပ် ဝန်းကျင်ထိ ရှိကြောင်း သိရသည်။
ထက်ထက်မိုးမြင့်၊ ခိုင်နွယ်ဦး
Popular Myanmar News Journal