Sunday, November 17, 2013

မြို့စားမင်းနှင့် ပုဒ်မ-၁၈


 နိုဝင်ဘာ ၁၇
ကမ္ဘာပြားလေပြီ။
နည်းပညာကြောင့် လူ့အဖွဲ့အစည်းတွေ ဒိုးယိုပေါက် ဖြစ်ကုန်သည်။ ဘာသေကိုပဲ ဖြစ်ဖြစ် ဘာသားရေနဲ့မှ ဖုံးလို့မရတော့။ သို့ပါ၍ ရွှေပြည်သာ မြို့စားကြီး အဂ္ဂမဟာသရေစည်သူ ဘခက် အနေနှင့် ယခင်လို မြို့တော်သူ မြို့တော်သားတွေကို ဓားမိုးအုပ်ချုပ်၍ မကောင်း တော့ချေပြီ။ အိမ်နီးချင်းမြို့တော်တွေ၊ ဒေ သတွင်း အဖွဲ့အစည်းတွေ ကလည်း ပြောလှပြီ၊ ဖိအားပေးလှပြီ။

ဒီလိုနဲ့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ပေးလိုက်သည်။

ပြုပြင်ပြောင်းလဲခြင်း လုပ်ပေး ကတည်းက အရင်ဆုံးတက်သည့် ပြဿနာက ဆန္ဒပြခြင်းဖြစ်သည်။
မြို့တော်သူ မြို့တော်သားတွေ ကလည်း ဘယ်တုန်းကတည်းက ပြချင်နေမှန်းမသိ။ ဆန္ဒတွေ လွှတ်ပြကြသည်။ သူတို့တွေ မျက်စိကျိန်းမှာစိုးလို့ စေတနာဖြင့် မီးဖြတ်ပေးထားလျှင်လည်း စေတနာကို နားမလည် ဆန္ဒပြကြသည်။

ကိုယ်ပိုင်ပစ္စည်းလို့ သဘောထားလျှင် စိတ်စွဲပြီး သံသရာမှာ ဒုက္ခများမည် စိုးသမို့ကြောင့် လယ်လေးယာလေး ယူထိန်းပေးထားလျှင်လည်း အာပြဲကြီးဖြင့် ထထ ဆန္ဒပြကြ သည်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးမိတာတောင် မှားပြီလားဟု မြို့စားကြီးဘခက် စာဖတ်ရင်း တစ်ခါတလေ တွေးနေမိသည်။

ဒီမိုကရေစီဆိုတာ ချိုင်းမွှေးနဲ့ တူသည်ဟု မြို့စားမင်းဘခက် တွေးနေမိသည်။
ချိုင်းမွှေးမရှိလျှင် အင်္ဂါမစုံဟု ပြောလိမ့်မည်။ ရှိလည်း ဘာသွားသုံးရမှန်း သူ့အတွက်မသိပေ။

တစ်ရက် …
ဆန္ဒပြသည့် ကိစ္စကို ကိုင်တွယ်ဖို့ မြို့စားကတော် သီရိသုဓမ္မခင်ကွာစိက သို့ကလို အကြံပေးလာသည်။
အားပါးပါး … ကောင်းလိုက်တဲ့ အကြံ။
မြို့စားကြီး အကြံပေးအဖွဲ့ သောတုဇန တွေထဲတောင် မြို့တော်အဆင့် လစာပေးပြီး ဆွဲခန့်ထား လိုက်ချင်သည်။

နောက်တစ်ရက်၌ ရွှေပြည်သာ ဘရိုကတ်စတင်းဆားဗစ် (SBC) ရေဒီယိုမှ မြို့စားဘခက် ကိုယ်တော်တိုင် သူ့အသံ ပြာပြာကြီးဖြင့် အောက်ပါ မဟာမိန့်ခွန်းကြီးကို ခပ်တည်တည်ဖြင့် ပြောလိုက်ပေ တော့သည်။

“မြို့တော်သူမြို့တော်သား မိဘပြည်သူများ ခင်ဗျား …
ယခု အခါသမယသည် တက်ခေတ် ဒီမိုကရေစီ ဖြစ်ပါသောကြောင့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခြင်း၊ စုဝေးချီတက် ဆန္ဒပြခြင်းတို့ကို မြို့တော်ရဲ့ မွန်မြတ်တဲ့ စေတနာနဲ့ ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ သို့ပါသော် တရားဥပဒေ စိုးမိုးရေး ရူးအော့ဖ်လော ဆိုတာကလည်း ရှိသေးတာမို့ ဆန္ဒပြလိုသူတွေ လိုက်နာရမယ့် အချက်တွေကို ကြိုတင်သတ်မှတ် ပေးထားပါတယ်။
ဒီဥပဒေကို ပုဒ်မ (၁၈) လို့ ခေါ်ဆိုရမှာပါ။”

“မြို့တော်သူမြို့တော်သားများ ခင်ဗျား …
ဆန္ဒပြဖို့ ခွင့်ပြုချက် လိုပါတယ်။
ဘယ်လိုခွင့်ပြုချက် မျိုးလဲလို့ ဥပမာဆိုရရင် ကိုယ့်ရပ်ကွက် အုပ်ချုပ်ရေးမှူးကို မကျေနပ်လို့ ဆန္ဒပြချင်ရင် သူ့ရဲ့ ကြည်ဖြူစွာ ခွင့်ပြုကြောင်း ထောက်ခံချက် လိုပါတယ်။ ရဲစခန်းမှူးကို ပြချင်ရင် ဥပဒေစိုးမိုးရေး လိုအပ်သော ကြောင့် စခန်းမှူး ကိုယ်တိုင် လိုလိုလားလား ထောက်ခံမှ ဆောင်ရွက်လို့ ရပါတယ်။ အကြောင်းကိစ္စ တစ်စုံတစ်ရာကြောင့် စခန်းမှူး ခရီးလွန်နေရင် သူ့မိန်းမကို ထောက်ခံခိုင်း နိုင်ပါတယ်။ ဒီမိုကရေစီခေတ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြမယ်ဆိုရင် ကိုယ့်ယောက္ခမ ကိုယ်တောင် ဆန္ဒထွက်ပြလို့ ရပါတယ်။ ဒါပေမဲ့ သူ့ခွင့်ပြုချက် လိုပါတယ်။”

“မိဘပြည်သူများခင်ဗျား …
ဆန္ဒပြပွဲ တွေက အခွန်ပေးရမှာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲ မှာပါတဲ့ လူအရေအတွက် အလိုက် တစ်ဦးကို ရွှေပြည်သာဒေါ်လာ ငါးထောင် ပေးဆောင်ရပါမယ်။ ဒါပေမဲ့ တစ်ကိုယ်တော်ပြမယ် ဆိုရင်တော့ သုံးသောင်း ဆောင်ရပါမယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့လို၊ OIC လို အများကြီးပြမယ် ဆိုရင်တော့ ဈေးလျှော့ပေးပါမယ်။ အခါကြီးရက်ကြီးတွေ၊ ၈၈ တို့၊ ရွှေဝါရောင်တို့လို့ အထိမ်းအမှတ်ကာလ တွေနားနီးရင် ဆန္ဒအပြနည်းတဲ့ မြို့ရွာတွေမှာ အထူး Discount Package တွေလုပ်ပေးပြီး ဈေးလျှော့ပေးပါ့မယ်။”

“တချို့က ဆန္ဒပြခွန် ကောက်တာကို ဝေဖန်ကြမှုတွေ ရှိပါတယ်။
မြို့တော်သူ မြို့တော်သားများ မြို့တော်အစိုးရ ဘက်ကလည်း စဉ်းစားပေးပါ။ ဒီမိုကရေစီ ဆိုတာ တစ်ဖက်အသံကို နားထောင်ရတာ မဟုတ်လား ခင်ဗျာ။ ဆန္ဒပြပွဲတွေမှာ နှိမ်နင်းဖို့ မီးသတ် ကား၊ ရော်ဘာကျည်၊ တကယ့်ကျည်၊ လောင်ချာ၊ တင့်ကား၊ မီးလောင်ဗုံး အဲလေ မျက်ရည်ယိုဗုံး၊ နျူကလီး ယားဗုံး စတာတွေ ကို နိုင်ငံခြားက တင်သွင်းရတာဖြစ်ပါတယ်။ ယခင်မြို့တော် အစိုးရဟောင်းဆိုရင် ဆန္ဒပြပွဲတွေ ရှိတိုင်း ဒါကိုစိုက်ထုတ် အရှုံးခံ ပြီး ဝယ်ယူပေးခဲ့ရတာပါ။ ခုလို ဒီမိုကရေစီ ခေတ်ကြီးမှာ ဆန္ဒပြ တက်ကြွလှုပ်ရှားသူ တွေဟာ အကောင်တယ်ဗလတီ ရှိရှိနဲ့ ကိုယ့်နှိမ်နင်းမယ့် လက်နက်အတွက် ကိုယ်တာဝန်ယူရမှာ ဖြစ်ပါတယ်။”

“လူသားတိုင်း ငြိမ်းချမ်းစွာစုဝေး ဆန္ဒပြခွင့်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း က ဆိုထားတာနဲ့ အညီ မြို့တော်အစိုးရက ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ရာမှာ လွတ်လပ်စွာ စုဝေးခွင့် ဥပဒေကို ခွင့်ပြု ပြဋ္ဌာန်းပေးခဲ့တာ ဖြစ်ပါတယ်။
မြို့တော်သူ မြို့တော်သားများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းကျန်းမာကြပါစေ။ ရွှေပြည်သာမြို့တော် တိုးတက် ထွန်းကားပါစေ။”
The Voice Weekly