Thursday, November 21, 2013

ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးရေးတောင်းဆိုချက် မြန်မာအစိုးရ ကန့်ကွက်

သောကြာနေ့၊ နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၁၃
ရိုဟင်ဂျာ (နိုင်ငံတကာအခေါ်) များကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် ကုလသမဂ္ဂ လူ့အခွင့် အရေး ကော်မတီက တိုက်တွန်းသည်ကို မြန်မာနိုင်ငံအစိုးရက ကုလသမဂ္ဂတွင် တရားဝင်ကန့်ကွက်ပြီးဖြစ် သည် ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် နိုဝင်ဘာ ၂၁ က ဖော်ပြ ထားသည်။

နိုဝင်ဘာ ၁၉ ရက် ရက်စွဲဖြင့် ကုလသမဂ္ဂလူ့အခွင့်ရေးကော်မတီ၏ တောင်းဆိုချက်ကို သမ္မတနှင့် မြန် မာ နိုင်ငံအစိုးရမှ တရားဝင် ကန့်ကွက်ထားသည်ဟု ဦးဇော်ဌေး၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြခြင်းဖြစ် သည်။

“မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများ” ခေါင်းစဉ်အောက်တွင် ပြည်ထောင်စုသမ္မတ မြန် မာနိုင်ငံ တော်အစိုးရ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် (ကုလသမဂ္ဂ သံအမတ်ကြီး) ဦးကျော်တင်က နိုဝင်ဘာ ၁၉ ရက်တွင်ပင် ကန့်ကွက်တင်ပြခဲ့ခြင်း ဖြစ်သည်ဟုလည်း ကန့်ကွက်စာနှင့် အတူတွဲ၍ ဖော်ပြ ထားသည်။

မဇ္ဈိမက အသေးစိတ်အချက်အလက်များ သိရှိနိုင်ရန် ဦးဇော်ဋ္ဌေးသို့ ဖုန်းဖြင့်ဆက်၍ မေးမြန်းသော်လည်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်ကိုသာ အသုံးပြုနိုင်ဟု ဖြေကြားသည်။

ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက မြန်မာအစိုးရသို့ တိုက် တွန်းချက်နှင့်ပတ်သက်ပြီး ၁၉၈၂ ခုနှစ် ဥပဒေနှင့် မကိုက်ညီသူများ နိုင်ငံသားဖြစ်ခွင့် ရမည်မ ဟုတ် ကြောင်းလည်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဇ္ဈိမကို ပြောသည်။

“အစိုးရအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်နေတဲ့ ဘင်္ဂါလီလူမျိုးများအနက် ၁၉၈၂ ဥပဒေပါအချက်များနဲ့ ကိုက်ညီသူများဟာ နိုင်ငံသားပြုခွင့်ရမှာ ဖြစ်ပါ တယ်။ ဥပဒေနဲ့မကိုက်ညီသူများကတော့ ဘယ်သူက ဘာပြောနေနေ နိုင်ငံသားပြုခွင့်ရမှာ မဟုတ်ပါဘူး” ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ဦးရဲထွဋ်က အီးမေးလ်မှတစ်ဆင့် ပြန်လည် ဖြေကြားထားသည်။

ယင်းအပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ဆောင်ရွက်နေသည့် စာရင်းကောက်ယူရေးလုပ်ငန်းများတွင် ဘင်္ဂါလီလူမျိုးများက ပူးပေါင်း ဆောင်ရွက်ရန် ငြင်းဆန်နေသည့် လုပ်ဆောင်ချက်များကိုလည်း ထောက်ပြရန် လိုအပ်သည်ဟု ဦးရဲထွဋ် က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
နေမျိုး
Mizzima - News in Burmese