Wednesday, November 13, 2013

သမီးရည်းစား နှစ်ဦး ချိန်းတွေ့စဉ် ဓားထိုးမှု ဖြစ်ပွား

Wednesday, November 13, 2013
မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့ စိုက်ပျိုးရေး သုတေသန ခြံဝင်းအတွင်း သမီးရည်းစား နှစ်ဦး ချိန်းတွေ့ရာ အမျိုးသားက အမျိုးသမီးအား ဓားဖြင့်ထိုး၍ နေရာတွင်အမျိုးသမီး သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁ဝ ရက် ညနေ ၃ နာရီက ကျောက်ဆည်မြို့ မင်းရပ်စိုက်ပျိုးရေး သုတေသနခြံဝင်း လမ်းဘေး၌ အမည်မသိ အမျိုးသမီး တစ်ဦး သေဆုံး နေကြောင်း သတင်းအရ ကျောက်ဆည် ရဲတပ်ဖွဲ့စခန်း စခန်းမှူး ဒုတိယရဲမှူး ခွာကုန်း၊ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် လွင်အောင်နှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ကြည့်ရှု စစ်ဆေးရာ စိုက်ပျိုးရေးခြံ လမ်းဘေးတွင် အမည်မသိ အမျိုးသမီးတစ်ဦးလည်ပင်းတွင် ထိုးသွင်းပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရ၍ စုံစမ်း ရှာဖွေရာ သေဆုံးသူမှာ အိအိနွယ် ၂၂ နှစ် (ဘ) ဦးတင်သိန်း ငါးမြွေကုန်း ရွာ ကျောက်ဆည်မြို့ နေသူဖြစ်ပြီး သေဆုံးသူ၏ ရည်းစားဖြစ်သူ ပြည့်ဖြိုးမောင်(ခ)ပြည့်ဖြိုး ၂၁ နှစ် (ဘ) ဦးထွန်းကြည် သင်တောင်းငယ် ကျေးရွာ စဥ့်ကိုင်မြို့နေသူနှင့် ချိန်းတွေ့စဉ် အိအိနွယ်၏ လည်ပင်းကို ဓားဖြင့် ထိုးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည့်ဖြိုးမောင်အား ကျောက်ဆည် ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဒုတိယရဲမှူး ခွာကုန်းက (ပ)၄၃၆/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။   
မြ၀တီ