Monday, November 18, 2013

ဆင်ဖြူတော်အလား ထင်ယောင်မှား

ရွှံ့အမျိုးမျိုးတို့တွင် ဆင်များလူးထားသည့်အတွက် စိမ်းပုပ်ပုပ်အရောင်၊ အဖြူရောင်နှင့် မီးခိုးရောင်များ ပြောင်းလဲကုန်သည်ကို အန်ဂျာက ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ်သည်။

Nov 18 13
ရုတ်တရက် ကြည့်လိုက်ပါက ဆင်ဖြူအုပ်ကြီး ပျော်မြူးကျက်စားနေသည်ဟု အထင်မှားဖွယ် ရှိသည်။ သို့သော်လည်း ယင်းမြင်ကွင်းမှာ နမီးဘီးယား နိုင်ငံမှ ဆင်ရိုင်းများ ရွှံ့လူးထားပြီး လှပဆန်းကျယ်စွာ အရောင်ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။ နမီးဘီးယားနိုင်ငံ၊ အီတိုရှာ အမျိုးသား သဘာဝ ဥယျာဉ်အတွင်း ကျက်စားနေသော ဆင်ရိုင်းအုပ်ကို ဓာတ်ပုံဆရာမ အန်ဂျာဒန်ကာက မှတ်တမ်းတင်လာခဲ့သည်။ ရွှံ့အမျိုးမျိုးတို့တွင် ဆင်များလူးထားသည့်အတွက် စိမ်းပုပ်ပုပ်အရောင်၊ အဖြူရောင်နှင့် မီးခိုးရောင်များ ပြောင်းလဲကုန်သည်ကို အန်ဂျာက ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ် သည်။ ခြောက်သွေ့သော ကန္တာရဆန်ဆန် ပတ်ဝန်းကျင်တွင် ရေအရင်းအမြစ် ရရှိသော နေရာမျိုး၌ ဆင်များ ပျော်မြူးစွာ ကျက်စားလေ့ရှိသည်။ ၎င်းတို့သည် အနီးတဝိုက်ရှိ မြင်းကျားနှင့် သမင်ငယ်လေးများကိုလည်း အနိုင်ကျင့်ကာ ရွှံ့အိုင်ကို မောင်ပိုင်စီးထားကြခြင်း ဖြစ်သည်။

အန်ဂျာသည် ရွှံ့ခြောက်များဖြင့် ဖြူဖွေးနေသည့် (၇)တန် အလေးချိန်ရှိသော သတ္တဝါကြီးများ၏ ဓလေ့သဘာဝကို (၃)နှစ်ကြာ အချိန်ယူကာ ဓာတ်ပုံများ ရိုက်ယူခဲ့သည်။ "ဆင်ကြီးတွေ ရွေ့လျားနေချိန်မှာ ထွက်ပေါ်လာတဲ့ စွမ်းအင်ကို ကျွန်မ သိပ်သဘောကျတယ်။ ဓာတ်ပုံရိုက်ရင်း သတိတော့ ထားရတယ်။ ဆင်ကြီးတစ်ကောင် စူးစူးဝါးဝါးများ အော်လိုက်မလား ဆိုတာကိုပါ။ သူတို့ ဒေါသဖြစ်ရင် သိပ်ကြောက်စရာ ကောင်းတယ်လေ။ ပြီးတော့ ဆင်ကြီးတွေနဲ့ ကျွန်မရဲ့ မော်တော်ကားက မီတာနည်းနည်းလောက်ပဲ ဝေးတာပါ"ဟု အန်ဂျာက ပြောကြားခဲ့သည်။

အသက်(၄၅)နှစ်ရှိ အန်ဂျာသည် စိမ်းညို့ညို့ဖြစ်စေ၊ နီကျင်ကျင်ဖြစ်စေ အရောင်ပြောင်းနေသော ဆင်ကြီးများကိုလည်း ဓာတ်ပုံရိုက်ယူခဲ့သည်။ နမီးဘီးယားရှိ နာမည်ကျော် မြေနီရွှံ့များတွင် ဆင်များလူးထားသည့်အခါ အနီရောင် သမ်းသွားခြင်းဖြစ်သည်။ အစိမ်းရောင်ကမူ ဆင်များ ပူပြင်းသည့်အခါ အေးမြအောင် ပွတ်တိုက်သည့် ရေညှိလွှမ်းသော ရွှံ့များကြောင့်ဖြစ်သည်။ အီတိုရှာ၏ အဓိပ္ပါယ်သည် ရေခမ်းခြောက်ရာအရပ်ဟု အဓိပ္ပါယ်ရပြီး အာဖရိကတိုက် တောင်ပိုင်းဒေသတွင် အထင်ရှားဆုံး သဘာဝ ဥယျာဉ်တစ်ခုအဖြစ် နာမည်ကြီးကြောင်း သိရှိရသည်။
Planet Myanmar Network