Thursday, November 28, 2013

ဆန္ဒပြမှုများ ရပ်တန့်ရန် ထိုင်းဝန်ကြီးချုပ် တောင်းဆို

28 Nov 2013
အယုံအကြည်မရှိ အဆိုတင်သွင်းခံရမှုကို အောင်မြင်စွာ ကျော်လွှားခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ရပ်တန့်ပေးရန် တောင်းဆိုလိုက်သည်။ ယင်လက်ခ် ရှီနာဝါထရာသည် ကြာသပတေးနေ့က အယုံအကြည်မရှိ အဆိုအတွက် မဲခွဲမှုတွင် အတိုက်အခံများအပေါ် အောင်ပွဲရခဲ့သော် လည်း ထိုင်းနိုင်ငံရေး တည်ငြိမ်မှုအတွက် အာမခံချက် ရှိမလာသေးဟု လေ့လာသူများက ဆိုသည်။ သူမက လတ်တလောတွင် ဘန်ကောက်နှင့် အခြားမြို့များ၌ ဖြစ်ပေါ်နေသည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ရပ်တန့်ရန် ပန်ကြားခဲ့ပြီး အဆိုပါ အခြေအနေက နိုင်ငံ၏ စီးပွားရေးကို နာကျင် ထိခိုက်စေလိမ့်မည် ဟု ထောက်ပြခဲ့သည်။ လတ်တလောတွင် ထိုင်းအစိုးရသည် (၂၀၁၀)ပြည့်နှစ်နောက်ပိုင်း အကြီးမားဆုံး ဆူပူအုံကြွမှုများနှင့် ရင်ဆိုင်နေရသည်။

အတိုက်အခံ ဒီမိုကရက် ပါတီက ယင်လက်ခ်ကို အယုံအကြည် မရှိကြောင်း အဆိုတင်သွင်းပြီး မဲခွဲခဲ့ရာ (၂၉၇)မဲ၊ (၁၃၄)မဲဖြင့် အရေးနိမ့်ခဲ့သည်။ ထို့နောက်တွင် ယင်လက်ခ်က ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောခဲ့ရာ နှစ်ဖက် နိုင်ငံရေး အင်အားစုများ အနေဖြင့် ညှိညှိနှိုင်းနှိုင်း ရှိသင့်ကြောင်း တောင်းဆိုသွားသည်။ "ဘယ်လို နိုင်ငံရေး ကစားပွဲကိုမှ အစိုးရ တစ်ဖွဲ့တည်း ဝင်ရောက်သွားဖို့ ဆန္ဒမရှိပါဘူး။ လက်ရှိ အနေအထားတွေက နိုင်ငံရဲ့ စီးပွားရေးကို မတည်မငြိမ် ပျက်ပြားတာမျိုး ဖြစ်စေနိုင်ပါတယ်"ဟု ယင်လက်ခ်က သတိပေးခဲ့သည်။ လတ်တလောတွင် အယုံအကြည်မရှိအဆို ပျက်ပြယ်သွားပြီးနောက် ဘန်ကောက်ရှိ ဆန္ဒပြသူများ အနေဖြင့် မည်သို့ရှေ့ဆက်မည်ကို မခန့်မှန်းနိုင်သေးကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Planet Myanmar Network