Thursday, November 21, 2013

ကမ္ဘာ့ဖလားသို့ နောက်ဆုံးပါဝင်ယှဉ်ပြိုင်ခွင့် ရရှိလာသည့် ဥရုဂွေး

21 Nov 2013
ဥရုဂွေးအသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ပြီးနောက် (၂၀၁၄)ခုနှစ်၊ ဘရာဇီးလ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးအတွက် (၃၂)သင်းလုံး စုံစုံညီညီ အမည်စာရင်း ထွက်ပေါ်လာခဲ့ပြီး ဖြစ် သည်။ ဥရုဂွေးသည် အိမ်ရှင်အဖြစ် ဂျော်ဒန်ကို လက်ခံကစားပြီး မွန်တီဗီဒီယိုတွင် ဂိုးမရှိ သရေကျခဲ့ သည့်နောက် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ အာမန်တွင် ပြီးခဲ့သည့် သီတင်းပတ်က (၅-၀)ဖြင့် အနိုင်ရခဲ့သည့်နောက် ယခုပွဲသည် မှတ်တမ်းဆန်ဆန်သာ ရှိတော့ပြီး ဥရုဂွေးတို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ သည်။ နာမည်ကျော် ကန်တန်နာရီယို ကွင်းကြီးအတွင်း ကစားသော ပွဲစဉ်တွင် အိမ်ရှင် ဥရုဂွေး ပရိသတ်က တစ်ပွဲလုံး ဆူညံစွာ အော်ဟစ်အားပေးခဲ့ကြသည်။ သို့သော်လည်း ယင်းပွဲစဉ်သည် ပရိသတ် မျှော်လင့်သကဲ့ သို့ သွင်းဂိုး အလျှံအပယ် တွေ့မြင်ရခြင်းမျိုး မရှိခဲ့ချေ။

ဥရုဂွေးသည် တောင်အမေရိကဇုန် ခြေစစ်ပွဲများတွင် အဆင့်(၅)သာ ချိတ်ခဲ့သည့်နောက် အာရှတိုက်မှ အဆင့်(၅) အသင်းနှင့် ရှုံးထွက် ပြန်ကစားခဲ့ရခြင်း ဖြစ်သည်။ ပွဲအပြီးတွင် ဥရုဂွေး ပရိသတ်များသည် အသင်းနှင့်အတူ ပျော်ရွှင်စွာဖြင့် အလွန်အမင်း အောင်ပွဲခံခဲ့ကြသည်။ ပြီးခဲ့သည့် လအနည်းငယ်ကမူ ဥရုဂွေးသည် ခြေစစ်ပွဲများ၌ အသည်းအသန် ရုန်းကန်ရသည့် အခြေအနေများကို ဖြတ်သန်းနေခဲ့ရသည်။ ယခုပွဲတွင် ဥရုဂွေး တိုက်စစ်သည် ပုံစံကောင်း ပျောက်နေခဲ့ပြီး စုစည်းသိပ်သည်းသော ဂျော်ဒန်ခံ စစ်ကြောင်းကို မကျော်နိုင်ခဲ့ချေ။ ဂျော်ဒန်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သည့်နောက် ဥရုဂွေးသည် အိမ်ရှင်ဘရာဇီးလ်၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ အီကွေဒေါနှင့် ချီလီတို့နောက် တောင်အမေရိ က ဒေသ၏ နောက်ဆုံးလက်ကျန် ကမ္ဘာ့ဖလား ဝင်ခွင့်ရအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
Planet Myanmar Network