Tuesday, November 19, 2013

ထောင်ချောက်များထဲမှ မြန်မာပြည်

(ကချင်ဒေသရှိ စစ်ဘေးရှောင် ဒုက္ခသည်များအား တွေ့ရစဉ်)
ဆရာမဂျူး၏ "အောက်ခြေသန်းတစ်ထောင်" စာအုပ်ကို ဖတ်ပြီးသွားသောအခါ တော်တော်ရင်မော သွားပါသည်။ ထိုစာအုပ်သည် နိုင်ငံငယ်လေးတွေ ဘာကြောင့် ဆင်းရဲတွင်း နက်ရသလဲ ဆိုတာ ကို ထောင့်ပေါင်းစုံမှ ဖွင့်ဆိုရှင်းပြထားသော ပေါလ်ကိုလီယာ (Paul Collier) ၏ အောက်ခြေ သန်းတစ်ထောင် (The Bottom Billion) စာအုပ်ကို မိတ်ဆက်သဘော အကျဉ်းချုပ် ပြန်ရေး ထားခြင်း ဖြစ်ပါသည်။ စီးပွားရေး ပညာရှင် ပေါလ်ကိုလီယာသည် ဆင်းရဲတွင်း နက်နေသော အာဖရိကမှ နိုင်ငံငယ်လေးများကို သေချာသုတေသနပြုကာ ဘာကြောင့်ဆင်းရဲတွင်း နက်နေရသလဲ ဆိုတာကို ရှင်းပြဖို့ ကြိုးစားခဲ့ပါသည်။ သူ၏ ရှင်းပြချက်များသည် နှစ်ရှည်လများ ဆင်းရဲတွင်း နက်နေသော ကျွန်တော်တို့ နိုင်ငံနှင့်လည်း သက်ဆိုင်သည်ဟု ထင်ပါသည်။

ပေါလ်ကိုလီယာက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးသည့် ထောင်ချောက်လေးခု ရှိသည်ဟု ဆိုပါသည်။ ၎င်းတို့မှာ (၁)ပြည်တွင်းစစ် ပဋိပက္ခ ထောင်ချောက်၊ (၂)သဘာဝ သယံဇာတ ထောင်ချောက်၊ (၃)ဆိုးရွားသော အိမ်နီးချင်း နိုင်ငံများကြားတွင် ပိတ်မိနေသည့် ထောင်ချောက်၊ (၄) စီမံအုပ်ချုပ်မှု ညံ့ဖျင်းနေခြင်း ထောင်ချောက်တို့ ဖြစ်ကြပါသည်တဲ့။

ထောင်ချောက်(၁)
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်ခဲ့တာ နှစ်ပေါင်း ၆၀ ကြာခဲ့ပါပြီ။ တချို့က ကမ္ဘာမှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့တောင် ပြောကြပါသည်။ လောလောဆယ် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးဖို့အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကချင်ပြည်နယ် ကေအိုင်အို ရုံးစိုက်ရာ လိုင်ဇာမြို့မှာ ဆွေးနွေးကြ ရာ နောက်ဆုံးသိရသည့် သတင်းအရ နှစ်ဦးနှစ်ဖက် ဘုံသဘောတူညီချက် လက်မှတ်ရေးထိုး ဖို့ ဆွေးနွေးနေဆဲဟု သိရပါသည်။ ထိုကဲ့သို့ ဆွေးနွေးနေစဉ်မှာပင် တချို့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေ လို့ စစ်ရှောင်ဒုက္ခသည် ၃၀၀ ကျော် ဗန်းမော်သို့ ခိုလှုံလာတယ်လို့ သတင်းစာထဲမှာ ဖတ်လိုက်ရပါသည်။ ကျွန်တော်တို့ရဲ့ ပြည်တွင်းစစ်ကြီး အပြီးတိုင် ချုပ်ငြိမ်းစေချင်ပါပြီ။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်း စစ်ဖြစ်လျှင် အထိနာဆုံးက စစ်ပြေးဒုက္ခသည် ပြည်သူတွေ ဖြစ်နေလို့ပါပဲ။ အဆိုးဆုံးကတော့ ၎င်းစစ်ပြေး ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ နစ်နာဆုံးရှုံးမှု ပမာဏ ကြီးမားလွန်းလို့ပါပဲ။ သူတို့တွေရဲ့ ဒုက္ခကို တကယ့်နှလုံးသားနဲ့ မျှဝေခံစားနိုင်တဲ့ တစ်နေ့မှာ နှစ်ဦးနှစ် ဖက် ခေါင်းဆောင်များ သဘောထား ကြီးကြီးနဲ့ ငြိမ်းချမ်းရေးအတွက် အဖြေရှာတွေ့လိမ့်မည် ဟု မျှော်လင့်မိပါသည်။

ထောင်ချောက်(၂)
တကယ်တော့ မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံပါ။ သို့သော် သယံဇာတ မရှိသည့် နိုင်ငံတွေ ချမ်းသာနေချိန်မှာ အလျှံပယ် ကြွယ်ဝပါသည်ဆိုသည့် ကျွန်တော်တို့ နိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေတာကတော့ စိတ်မကောင်းစရာပါ။ တချို့ကတော့ "နိုင်ငံက ချမ်းသာပါတယ်။ ပြည်သူတွေက ဆင်းရဲနေတာပါ" ဟု ဝေဖန်သုံးသပ် ကြပါသည်။ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားမှအစ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်အဆုံး ပေါများပြည့်လျှံခဲ့တဲ့ မြန်မာနိုင်ငံဟာ လက်ရှိ အချိန်မှာတော့ အထည်ကြီးပျက်လို့ပဲ ပြောရမလား။ အထည်လေးပျက်လို့ပဲ ပြောရမလား မသိတော့ပါဘူး။ ပညာရှင်တွေကတော့ မြန်မာပြည်မှာ အရမ်းချမ်းသာတဲ့လူနဲ့ အရမ်းဆင်းရဲတဲ့ လူဆိုပြီး လူတန်းစား နှစ်မျိုးပဲ ရှိတော့တယ်ဟု ပြောပါသည်။ လူလတ်တန်းစား ပျောက်ဆုံးနေသည့် သဘောပါပဲ။ ကျွန်တော်တို့ နိုင်ငံရဲ့ အဖြစ်က ဘိုးဘွားတွေ ထားရစ်ခဲ့တဲ့ အမွေတွေ အမြောက်အမြား ရခဲ့ပြီးမှ နောက်ဆုံးမှာ မွဲပြာကျသွားတဲ့ လူတစ်ယောက်နဲ့ တူနေမည်လား မသိပါ။ သေချာသည့် အချက်ကတော့ ထိုကဲ့သို့ မွဲပြာကျအောင် ပြည် သူတွေ မလုပ်ခဲ့ဘူး ဆိုတာပါပဲ။

ထောင်ချောက်(၃)
မြန်မာနိုင်ငံ၏ အရှေ့ဘက်မှာ ထိုင်းနိုင်ငံ၊ အနောက်ဘက်မှာ အိန္ဒိယနှင့် ပါကစ္စတန်၊ မြောက်ဘက်မှာ တရုတ်နိုင်ငံတို့ တည်ရှိပါသည်။ မြန်မာနိုင်ငံသည် ၎င်းအိမ်နီးချင်း နိုင်ငံတို့နှင့် ရှေးယခင် ကတည်းက ဆက်ဆံလာခဲ့ ကြသည်မှာ ယခုအချိန် ထိပါပဲ။ အထူးသဖြင့် တရုတ်နိုင်ငံနှင့် အရောင်းအ၀ယ် အဆက်အဆံ ပိုများသည်ဟု ဆိုရပါမည်။ တရုတ်နိုင်ငံကလည်း အများသိကြသည့်အတိုင်း ဆွေ မျိုးပေါက်ဖော် ဆက်ဆံရေးဆိုသည့် ခေါင်းစဉ်အောက်မှနေ၍ မြန်မာတစ်ပြည်လုံး၏ ဈေးကွက် ကို မောင်ပိုင်စီးထား လိုက်ပုံက မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီမြှုပ်နှံမှု စုစုပေါင်း ၆၅ ရာခိုင်နှုန်း(သုံးပုံနှစ်ပုံခန့်)ကို တရုတ်နိုင်ငံကပဲ ရရှိထားသည်ဟု သိရပါသည်။ တရုတ်လို စူပါပါဝါ နိုင်ငံကြီးတစ်ခု မိမိတို့နိုင်ငံနှင့် ကပ်လျက်ရှိသည်ကို သတိထားဖို့ လိုကြောင်း၊ ကမ္ဘာ့ လူဦးရေရဲ့ ၃၅ ရာခိုင်နှုန်းကျော်တဲ့ တရုတ်လို နိုင်ငံမျိုးနှင့် အိမ်နီးချင်းဖြစ်ရသော နိုင်ငံသည် အစွမ်းကုန် ဖွံ့ဖြိုးတိုးတက် လာနိုင်သလို ၎င်းနိုင်ငံကြီးရဲ့ ၀ါးမျိုမှုအောက်ကိုလည်း ရောက်ရှိသွားနိုင်သည့် အန္တရာယ်ကိုလည်း သတိထားဖို့လိုကြောင်း ပညာရှင် အချို့က ထောက်ပြကြပါသည်။ မည်သို့ဆိုစေ အိမ်နီးချင်းဆိုတာ ကိုယ့်ကို ကောင်းကျိုးပြုနိုင်သလို ဆိုးကျိုးလည်း ပြုနိုင်သည် ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ထား ကြဖို့ပါပဲ။

ထောင်ချောက်(၄)
မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၄၈၊ ၁၉၆၂၊ ၁၉၈၈၊ ၂၀၁၁ အကူးအပြောင်းကာ လ လေးကြိမ်ကြုံခဲ့ ရပြီးပါပြီ။ ထိုအကူးအပြောင်း ကာလမှာပဲ ပြည်သူလည်း အာဏာရှင် စနစ်အောက်မှာ နှစ်ပေါင်း ၅၀ လောက်နေခဲ့ရပြီး တိုင်းပြည်လည်း နှစ်ပေါင်း ၅၀ ကျော် နောက်ကျကျန်ရစ် ခဲ့ရပါသည်။ ထိုစဉ် ကာလအတွင်းမှာ ပြည်သူတွေအတွက် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရ (Good Governance and Clean Government) ဆိုတာကို စာအုပ်တွေထဲမှာပဲ ဖတ်ခဲ့ရဖူး ပါသည်။ တစ်နည်းပြောရလျှင် ပြည်သူတွေမှာ မှားယွင်းသော စီမံခန့်ခွဲမှု (Mismanagement) အောက် မှာသာ နေထိုင်ခဲ့ရပါသည်။ ထိုကဲ့သို့ စီမံခန့်ခွဲမှု မှားယွင်းသောကြောင့် လာဘ်စားမှု၊ ဆင်းရဲမွဲတေမှု၊ ဖွံ့ဖြိုးမှု နောက်ကျမှု စသောအကျိုးရလဒ် တွေကိုသာ ပြည်သူတွေ ခံစားခဲ့ရပါသည်။ ထို့အပြင် သဘာဝ သယံဇာတနှင့် သစ်တောဧရိယာ တော်တော်များများလည်း အကျိုးမဲ့ နစ်နာဆုံးရှုံး ခဲ့ရပါသည်။

တကယ်တော့ ကျွန်တော်တို့ နိုင်ငံသည် ၁၉၆၂ ခုနှစ်က အာရှတိုက်ရဲ့ အချမ်းသာဆုံး ၁၀ နိုင်ငံထဲမှာ ပါဝင်ခဲ့သည်။ သို့သော် ၁၉၈၈ မှာတော့ အာရှတိုက်ရဲ့ အဆင်းရဲဆုံး ငါးနိုင်ငံ စာရင်းဝင် ဖြစ်ခဲ့ရပါသည်။ ၂၀၁၂ ခုနှစ်မှာတော့ အာရှတိုက်ရဲ့ ဒုတိယမြောက် အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားပါသတဲ့။ မည်သို့ဆိုစေ အနာသိလျှင် ဆေးရှိသည်ဟု ပြောကြပါသည်။ အထက်ပါ ထောင်ချောက်လေးခုသည် မြန်မာနိုင်ငံ ခံစားနေရသော အနာ(ရောဂါ)ဟု ဆိုရပါမည်။ ထိုအနာ ပျောက်ကင်းအောင် ဘယ်လိုကုသမလဲ ဆိုတာကို ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းအဖြေရှာဖို့ လိုအပ်ပါပြီ။
မောင်ကြည်
Eleven Media Group