Monday, November 18, 2013

စာမဖတ်လျှင် အနာဂတ် ဆုံးရှုံးမည်

Mon Nov 18
ကျွန်တော် ငယ်ငယ်က ကုန်းကောက်စရာ မရှိအောင် ဆင်းရဲတယ်။ လမ်းဘေးမှာ တဲနဲ့ နေရတယ်။ ၁၉၇၀ ပြည့်နှစ်တွေတုန်းက ကျွန်တော့် မွေးရပ်မြေ ဧရာဝတီတိုင်း ရေကြည်မြို့လေးမှာ ငွေနှစ်ရာ ရှိရင် ကိုယ်ပိုင်အိမ်နဲ့ ခြံနဲ့ နေလို့ရတယ်။ တစ်မြို့လုံးမှာ လမ်းဘေး ကျူးကျော်တဲ ဆိုတာ ကျွန်တော်တို့ မိသားစုနေတဲ့ တဲအိမ်ကလေး တစ်လုံးပဲ ရှိတယ်။ ကျွန်တော် ဘယ်လောက် ဆင်းရဲခဲ့သလဲ မှန်းကြည့်လို့ ရလောက်ပြီ။

နောက်ပြီး သိပ်ဆင်းရဲတော့ မိဘကလည်း ကျွန်တော့်ကို ဂရုတစိုက် ပြုစုပျိုးထောင်ဖို့ အချိန် မပေးနိုင်ခဲ့ဘူး။ စားဝတ်နေရေးက ခက်လွန်းတော့ ထမင်းနှစ်နပ် စားဖို့ အသေအကျေ ရုန်းကန်နေရတာကိုး။ ပညာလည်း မတတ်တော့ သားသမီး ပြုစုပျိုးထောင်တာကို ဘယ်စနစ်တကျ နားလည်မလဲ။ ကျွန်တော်ကိုယ်တိုင်က လူမှန်း သိကတည်းက အလုပ်လုပ်ရတယ်။ ခင်ဗျားကြိုက်တဲ့ အလုပ်ကြမ်းတစ်ခု စဉ်းစားလိုက်၊ အဲဒီအလုပ်ကို ကျွန်တော်ငယ်ငယ်က လုပ်ခဲ့ဖူးတယ်။ ရေခဲချောင်း ရောင်းတော့ လေးတန်း။ ဆိုက်ကား နင်းတော့ ခုနစ်တန်း။ အိမ်မှာ ဝက်တွေ မွေးတော့ ကိုးတန်း။ မြေပဲစိုက်ခင်းတွေထဲ မြေပဲခြွေတဲ့ အလုပ် လုပ်တော့ ဆယ်တန်းရောက်ပြီ။ အဲဒီအချိန်က တစ်နေကုန်လုပ်မှ ငါးကျပ်။ ငွေလည်း တန်ဖိုးရှိတယ်။ လုပ်အားလည်း တန်ဖိုးရှိတယ်။ ကျွန်တော်က ကျောင်းအားတာနဲ့ ငွေရှာရတယ်။ စာကျက်ဖို့ အချိန်တောင် ကောင်းကောင်း မပေးနိုင်ဘူး။ အဲဒီခေတ်က ကျွန်တော်တို့ ဆရာ ဆရာမတွေရဲ့ ကျေးဇူးကြီး တယ်။ သူတို့က စာသင်ခန်းထဲမှာတင် တတ်မြောက်အောင် သင်ကြားပေးခဲ့ကြတယ်။

သိပ်ဆင်းရဲလွန်းတော့ ကျွန်တော့်ဘဝကို ရှေ့ကနေ လမ်းကြောင်း ပြပေးမယ့်သူ မရှိဘူး။ သွန်သင် ဆုံးမမယ့်သူ တစ်ယောက်မှ မရှိဘူး။ တစ်ယောက်ယောက်က ဆုံးမပဲ့ပြင်တာ ရှိခဲ့ရင်တောင်မှ နာခံဖို့လည်း အချိန် မရှိခဲ့တာ။ ဘဝဆိုတာကို ကလေးဘဝကတည်းက အကျေအလည် နားလည်အောင် ကိုယ့်ဘာသာ သင်ယူတတ်မြောက်ခဲ့ရတာ။ ဒါပေမဲ့ ကျွန်တော် အခုအချိန်ထိ မကောင်းတဲ့အလုပ် မလုပ်ဖူးဘူး။ ဘဝကို သိပ်တန်ဖိုးထားတယ်။ တတ်စွမ်းသလောက် တိုင်းကျိုးပြည်ကျိုး လုပ်တယ်။ ရန်ကုန်မြို့မှာ ကိုယ်ပိုင် အိမ်ကလေး ပိုင်နေပြီ။ စီးပွားကိုသာ ဖိဖိစီးစီးရှာရင်လည်း အတိုင်းအတာ တစ်ခုအထိ ကြွယ်ဝချမ်းသာနိုင် တယ်။ အသက်ရလာတဲ့ အခုအချိန်မှာ ကျွန်တော်က ချမ်းသာဖို့ အလုပ်ကို စွန့်လွှတ်ပြီး လူ့ဘောင်အဖွဲ့အစည်း အကျိုးကိုပဲ ဦးစားပေးပြီး တတ်စွမ်းသလောက်လုပ်ဖို့ ရွေးချယ်လိုက်လို့သာ။

ငွေ မချမ်းသာပေမယ့် စိတ်ချမ်းသာတယ်။ ဘဝဟာ နေပျော်တယ်။ ကျွန်တော့်ကို ချစ်ခင် လေးစားသူတွေ လည်း ရှိတယ်။ ကျွန်တော့်ဘဝက ပြည့်စုံတယ်။ ကျေနပ်စရာလည်း ကောင်းတယ်။ နောက်ဆုံး ထွက်သက်မှာ ကျေနပ်စိတ် အပြည့်ရှိနေဖို့ဟာ ဘဝကို ကောင်းမွန်စွာ နေထိုင်ပြီး အဆုံးသတ်နိုင်ရေး ရည်မှန်းချက် ဖြစ်ရမယ် ဆိုတာ နားလည်တယ်။ အဲဒီတော့ ငယ်ငယ်က ဒီလောက် မွဲတေစုတ်ပြတ်ခဲ့တဲ့၊ ဆုံးမပဲ့ပြင်မယ့်သူ တစ်ယောက်မှ မရှိခဲ့တဲ့ လူတစ်ယောက်ဟာ ပျက်စီးမသွားတဲ့အပြင် အောင်မြင်တဲ့ ဘဝကိုလည်း ပိုင်ဆိုင်နိုင်ခဲ့တာ၊ ကိုယ့်အကျိုးရော အများအကျိုးရော ထမ်းဆောင် သယ်ပိုးနိုင်တာ အံ့သြစရာလို့ မထင်ဘူးလား။ ဒီလို နိမ့်ကျလွန်းတဲ့ ဘဝက လူတစ်ယောက်ကို ဘယ်အရာကများ လမ်းလွဲမသွားအောင် ထိန်းကျောင်းပြီး လမ်းမှန်ပေါ်မှာ ရှိနေစေခဲ့သလဲ ဆိုတာ စိတ်ဝင်စားကြမှာပဲ။ လူတစ်ယောက်ဟာ ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ၊ ဆုံးမပဲ့ပြင်မယ့်သူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘဝကို ခိုင်မာအောင် တည်ဆောက်နိုင်စေတဲ့ အရာကို တန်ဖိုးလည်း ထားကြမှာပါ။

ကျွန်တော် အခုလို ကိုယ့်ဘဝကို ကိုယ်ကျေနပ်နေအောင်၊ စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာနေအောင် လိုချင်တယ်ဆိုရင် ရအောင် စွမ်းဆောင်နိုင်တဲ့ အနေအထား ရောက်အောင် ထိန်းကျောင်း တွန်းတင်ပေး ခဲ့တဲ့ တစ်ခုတည်းသော အခြေခံ အကြောင်းတရားကတော့ စာဖတ်ခြင်းပါ။ ကျွန်တော်တို့ ငယ်ငယ် ကလေးဘဝက ရွှေသွေး၊ တေဇခေတ်ပါ။ ရွှေခေါင်းပြောင် စံရွှေမြင့် ခေတ်။ ကျွန်တော် ရှာလို့ရတဲ့ ပိုက်ဆံကို အမေ့ကို အားလုံး ပြန်ပေးပါတယ်။ အမေက မုန့်ဖိုးပြန်ပေးတဲ့ ဆယ်ပြားကို ကျစ်နေအောင် စုပါတယ်။ တစ်လ သုံးကျပ် ရပါတယ်။ တစ်ကျပ်ဖိုးထက် ပိုပြီး မုန့်မစားပါဘူး။ တစ်လကို နှစ်ကျပ်ဖိုးလောက် စာအုပ် စာစောင်ပဲ ဝယ်ပါတယ်။ ထင်းရှူးသေတ္တာ ပုံးလေးတွေနဲ့ စာအုပ်လေးတွေကို စုဆောင်းတယ်၊ ဖတ်ရှုတယ်။ စာဖတ်တဲ့ အလုပ်လောက် ဘာကိုမှ မက်မောတာ မရှိခဲ့ဘူး။ ခုနစ်တန်း ရှစ်တန်း အရွယ်မှာ မိုးဝေ၊ ရှုမဝ ဝယ်ဖတ်ပြီ။ စာပေအဆင့်အတန်း အရမ်းမြင့်တဲ့ မဂ္ဂဇင်းတွေ။ လုံးချင်းဝတ္ထုတွေ ဖတ်ပြီ။ ဆရာဇဝန ရဲ့ ကောလိပ်ကျောင်းသားလို စာအုပ်တွေ၊ ဆရာကြီးရွှေဥဒေါင်းတို့ ရေးတဲ့ စာအုပ်တွေ။ ဆယ်တန်းဖြေပြီး ရန်ကုန်ရောက်တော့ စာဖတ်ဖို့ အခွင့်အလမ်းတွေ ပိုပွင့်သွားတော့တာပေါ့။ လမ်းဘေးမှာ ပုံရောင်းတဲ့ စာအုပ်မျိုးစုံကို မွှေနှောက် ဝယ်လို့ရတယ်။

နောက်ဆုံး နိုင်ငံရေးလုပ်လို့ ထောင်ထဲ ရောက်တော့လည်း ထောင်ထဲမှာ စာခိုးဖတ်တယ်။ ကျွန်တော် တို့ ထောင်ထဲ နေခဲ့တုန်းက စာဖတ်ခွင့် မရှိသေးဘူး။ ပြောရရင် ထောင်တွင်း စာဖတ်ခွင့်ကို ရုန်းကန်ရ ယူပေးခဲ့တဲ့ အထဲမှာလည်း ကျွန်တော် ပါခဲ့တယ်။ ကျွန်တော့်ကို မြစ်ကြီးနားထောင် ပို့ထားတာ။ အမှောင် nခန်းထဲ တစ်ယောက်တည်း တစ်နေကုန်။ ရေချိုးဖို့ကလွဲလို့ အပြင်ထွက်ခွင့် မရှိပါဘူး။ တစ်နေကုန် တစ်ခုခု မလုပ်ဘဲ နှစ်ပေါင်းများစွာ အခန်းထဲ ပိတ်ထားတာခံရရင် ဘယ်ဖြစ်မလဲ ခင်ဗျား စဉ်းစားကြည့်။ ထောင် ထဲမှာ တရားမထိုင်တဲ့၊ စာမဖတ်တဲ့၊ ကျန်းမာရေး လေ့ကျင့်ခန်း မလုပ်တဲ့ နိုင်ငံရေးသမားဟာ ဘယ်တော့ မှ ထောင်ကနေ အကောင်းပကတိ မထွက်နိုင်ဘူး။တစ်ခုခုဖြစ်ဖြစ် အားလုံးဖြစ်ဖြစ် လုပ်ရတယ်။ ကျွန်တော် က မိရိုးဖလာ ဗုဒ္ဓဘာသာ။ တရားထိုင်လို့ ဉာဏ်ရတာ စိတ်တန်ဖိုးတက်တာ ထောင်မကျခင်အထိ ယုံတယ် လည်းမဟုတ် မယုံဘူးလည်းမဟုတ်။ ဘုရားသွား ကျောင်းတက်လည်း လုပ်ခဲတယ်။ ဒါပေမဲ့ ထောင် nထဲရောက်တော့ ဆရာတော် ဦးဇောတိကရေးတဲ့ စာအုပ်လေး တစ်အုပ် ဖတ်ရတယ်။ ထောင်ထဲမှာ ဘာသာရေး စာအုပ်တစ်မျိုးပဲ တရားဝင် ဖတ်လို့ရတဲ့ခေတ်။ အရှုပ်ထဲမှာ ရှင်းအောင်နေ ဆိုတဲ့ စာအုပ်လေး။ ဒီစာအုပ်လေးကြောင့် ကျွန်တော့် ထောင်တွင်းဘဝ ပြောင်းသွားတယ်။

လူပဲ ထောင်ကျတော့တယ်။ စိတ်က လွတ်လပ်သွားပြီ။ တရားထိုင်နည်းကို အလွယ်ဆုံး အရှင်းဆုံး သင်ပေးတဲ့ စာအုပ်လေးပါ။ ဆရာတော်ရဲ့ ကျေးဇူးကို တိုင်းတာပြလို့တောင် မရဘူး။ ကျွန်တော် ထောင် ကျနေလို့ စိတ်မဆင်းရဲတော့တဲ့အပြင် ကိုယ်ကိုးကွယ် ယုံကြည်တဲ့ ဘာသာတရားရဲ့ အနှစ်သာရကိုပါ ရခဲ့တယ်။ သိခဲ့တယ်။ တခြား ကျွန်တော် ထောင်ထဲမှာ ဖတ်ခဲ့တဲ့ စာအုပ်တွေ အကြောင်းတော့ ပြောပြ မနေတော့ဘူး။ အများကြီးပဲ။ တိုင်းမဂ္ဂဇင်းကနေစပြီး ဟောင်ကောင်ကို နောက်ဆုံး အုပ်ချုပ်သွားတဲ့ British Governer က ဟောင်ကောင်အကြောင်း ရေးထားတဲ့ စာအုပ် အထူကြီးအဆုံး အများကြီး။

နောက်ဆုံး စာဖတ်ဝါသနာက ကျွန်တော့်ဘဝကို အကြီးမားဆုံး ထောက်ပံ့ခဲ့တယ် ဆိုတာ အသေအချာ သိခဲ့တယ်။ အခုလူငယ်တွေ စာကောင်းဖတ်ခွင့် ဆုံးရှုံးနေပြီ။ ဆုံးရှုံးနေပြီ ဆိုတာက သူတို့ကို တခြားအာ ရုံတွေက ဖြားယောင်းတာ ခံနေရပြီး စာကောင်းပေမွန်လည်း ရှားပါးသလောက် ဖြစ်လာနေပြီ။ ဒါဟာ လူငယ်တွေ အတွက်ရော လူ့အဖွဲ့အစည်း အတွက်ရော အကြီးမားဆုံး အန္တရာယ်ပါ။ ပေါ့ပေါ့ မဟုတ်ဘူး။ ကျွန်တော်တို့ နည်းလမ်းတွေ ရှာသင့်ပြီ။ ဖြေရှင်းသင့်ပြီ။ ရသစာပေလည်း ရှားလာသလို တကယ် တမ်း ခေတ်စနစ်အသစ် ထူထောင်ကြတော့ လူငယ်တွေ မဖြစ်မနေဖတ်ဖို့ သုတစာပေလည်း မရှိ သလောက် ရှားနေပြီ။ ကျွန်တော်တို့ ထူထောင်နေတဲ့ လူ့ဘောင်သစ် (ဒီမိုကရေစီစနစ်) ဟာ အနာဂတ်မှာ လူငယ်တွေ လက်ထဲရောက်မှာ။ ကျွန်တော်တို့သေရင် သူတို့ လူကြီး လုပ်ကြမယ်။ စာပေ လေ့လာ ဖတ်ရှုတဲ့ဓလေ့ ဆိတ်သုဉ်းစ ခေတ်မှာ ကြီးပြင်းတဲ့ လူငယ်တွေရဲ့ အနာဂတ် ဘယ်လောက် ခိုင်မာမလဲ။ ကျွန်တော်တော့ မတွေးရဲဘူး။ အခု လူငယ်တွေဟာ စာဖတ်ခွင့်တွင် ဆုံးရှုံးတာ မဟုတ်ဘူး။

သူတို့ အချိန်တွေလည်း တန်ဖိုး ပျောက်ဆုံးနေပြီ။ အင်တာနက်နဲ့ ဂိမ်းဆိုင်မှာ အချိန်ကုန်တာ ရှိတယ်။ မိဘတွေ လောဘကြီးလို့ ကျောင်းစာနဲ့ပဲ လုံးထွေးနေကြရတော့ အပြင်စာဖတ်ခွင့် ဆုံးရှုံးကုန်တာ ရှိတယ်။ မိဘတွေကလည်း သားသမီးတွေရဲ့ ဘဝကို ဆယ်တန်းနဲ့ ညီမျှခြင်း ချတယ်။ ဆယ်တန်းမှ အမှတ်ကောင်းကောင်းနဲ့ မအောင်ရင် ဘဝဆုံးတော့မယ့် အတိုင်းပဲ။ လွဲနေပြီ။ သားသမီးတွေကို စာကျက်ဖို့က လွဲလို့ တခြားအချိန်၊ အခွင့်အရေး လုံးဝ မပေးကြတော့ဘူး။

ဒီတော့ လူငယ်တွေရဲ့ ကိုယ်ပိုင်အနာဂတ်ရော တိုင်းပြည်ရဲ့ အနာဂတ်ပါ အန္တရာယ် ရှိနေပြီ။ စာမဖတ်ရင် ဘဝရဲ့အဓိပ္ပာယ်၊ လောကရဲ့ အဓိပ္ပာယ်ကို မသိနိုင်ဘူး။ ဘယ်သူမှ အောင်မြင်မှု အစစ်မရနိုင်ဘူး။ ငွေနဲ့ ဘဝအောင်မြင်မှု ညီမျှခြင်း ချလို့မရဘူး။ လူ့အဖွဲ့အစည်းမှာ စာဖတ်ခွင့် ဆုံးရှုံးရင်၊ သုတ၊ ရသ စာပေတွေ ပျောက်ဆုံးရင် သေချာပေါက် အဲဒီလူ့ဘောင်နဲ့ မှီခိုနေတဲ့ လူတွေရဲ့ အနာဂတ် ပျောက် ဆုံးတယ်။ ကျွန်တော်တို့ Action ယူသင့်ပြီ။ လုပ်နိုင်တာ လုပ်ကြရတော့မယ်။ ရေစုံမျှောထားလို့ မရတော့ဘူး။ စာဖတ်ရင် စိတ်ချမ်းသာနည်း သိမယ်။ ဘဝရဲ့ အဓိပ္ပာယ်ကို ခံစားနိုင်မယ်။ ကိုယ်ကျင့်တရား တန်ဖိုးတွေ မြင့်လာမယ်။ စိတ်ကောင်း ရှိချင်တဲ့လူတွေ တိုးလာမယ်။ စိတ်ယုတ်မာတဲ့ သူတွေ နည်းလာ မယ်။ စာမဖတ်ရင်၊ စာဖတ်ခွင့် မရရင်တော့ အဲဒါတွေနဲ့ ပြောင်းပြန်ဖြစ်မှာပဲ။ ဘဝတွေ ဆုံးရှုံးမယ်။ အနာဂတ်တွေလည်း ပျောက်ဆုံးမှာ ဖြစ်ပါကြောင်း။
ပိုက်တင်
The Voice Weekly