Monday, November 18, 2013

လူငယ်များအကြား အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်ခြင်းများ အတင့်ရဲလာ

နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၁၃
လူငယ်များအကြားတွင် ပေါ်ပေါ်ထင်ထင် ဒုစရိုက်ကျူးလွန်မှုများ၊ အမှုအခင်းကြီးများကို အုပ်စုဖွဲ့၍သော် လည်းကောင်း၊ ဂိုဏ်းစတား ဆန်ဆန်ပုံစံများဖြင့်သော်လည်းကောင်း ကျူးလွန်မှုများ ဖြစ်ပွားလာမှုကို ပိုမိုတွေ့ရှိလာရသည်။

သို့သော် ဖြစ်စဉ်များမှာ လူငယ်များ၏ အတတ်ပညာနှင့် စိတ်ပိုင်းဆိုင်ရာ သွန်သင်ဆုံးမမှုများတွင် အား နည်းချက်များရှိနေသည့်အပြင် ပြည်သူ့လုံခြုံမှုကို စောင့်ရှောက်ရသော ရဲတပ်ဖွဲ့တွင်လည်း အင် အား တောင့်တင်းခိုင်မာမှု လိုအပ်ချက်ရှိနေခြင်းကြောင့်ဟူသည်ကို အောက်ပါအတိုင်း ထောက်ပြကြသည်။

“တစ်ပါတီအာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို အသွင်ကူးပြောင်းတဲ့အခါမှာ ဒီလိုအုပ်စုဖွဲ့ တာတွေ၊ ပြန်ပေးဆွဲတာတွေ၊ လမ်းသူရဲဂိုဏ်းတွေ ပေါ်လာနိုင်တယ်။ ဒါကို အစိုးရအနေနဲ့ ကြိုတင်စီမံချက် ချပြီး ဆောင်ရွက်ထားသင့်တယ်။ ရဲတွေကိုလည်း အင်အားတောင့်တင်းအောင် လုပ်ဆောင်ထားသင့်တယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပြသည်။

ရန်ကုန်မြို့တွင် ဆိုင်ကယ်ကယ်ရီသမားများက အုပ်စုဖွဲ့ပြီး ရဲကင်းများနှင့် ရဲဝန်ထမ်းများအား ၀င်ရောက် ရိုက်နှက် ဖျက်ဆီးမှုများ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တို့တွင် ဖြစ်ပွားထားသည်။

နိုဝင်ဘာလ ၁၃ ရက် ည ၁၁ နာရီ ခန့်ကလည်း အင်းစိန်မြို့နယ် အောင်ဇေယျကြိုးတားပေါ်တွင် လူငယ် သုံးဦး နှင့် ခြောက်ဦးအဖွဲ့တို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ပုလင်းကွဲဖြင့် လည်းပင်းအား အထိုးခံရသဖြင့် လူငယ် တစ်ဦး သေဆုံးခဲ့သည်။

ပဲခူးမြို့ရှိ မွန်စံပြရပ်ကွက်တွင်လည်း ပဒေသာပင်ပွဲတော်ပြုလုပ်နေသော လမ်းအတွင်းသို့ လူငယ် ၁၅ ဦးကအိတ်ဇောဖြုတ်ထားသော ဆိုင်ကယ်များကို မြွေလိမ်မြွေကောက်စီးပြီး ပဒေသာပင်များရှိ ပစ္စည်း များ၊ ပိုက်ဆံများအား ဆွဲဖြုတ်ယူမှုတစ်ခု သီတင်းကျွတ်လပြည့်ညက ဖြစ်ပွားခဲ့သည်။

ထို့နောက် ထွက်ပြေးစဉ် ကျန်ရှိခဲ့သော ဆိုင်ကယ်အား ပြန်လည်ယူဆောင်ရာတွင်လည်း တုတ်ကိုယ်စီ ကိုင်ဆောင်ထားသော လူငယ် ၃၀ ဦးခန့်ဖြင့် လမ်းအတွင်းသို့ လာရောက်ခဲ့ပြီး ပွဲတော်စည်းကမ်းထိန်း သိမ်းရေးခေါင်းဆောင်တစ်ဦးအား အများရှေ့မှာပင်တုတ်ဖြင့်ရိုက်ပြီး ဓားဖြင့်ထိုးခဲ့မှု ဖြစ်ပွားခဲ့သည်။

ထို့ပြင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းကလည်း အင်းလျားကန်ဘောင်သို့ တုတ်ဓားလက်နက်များ ကိုင်ဆောင်ထားသော လူငယ် ၂၀ ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကန်ဘောင်ပေါ်ရှိ တွေ့ သမျှလူများအား တုတ်၊ ဓားများဖြင့် ထိုးခုတ်မှုတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ဓားကိုယ်စီဖြင့် မျက်နှာဖုံးစွပ်ထားသောကြေးစား လူသတ်သမား များက အများမြင်ကွင်းရှေ့မှာပင် လူတစ်ဦးကို ၀ိုင်းဝန်းသတ်ဖြတ်ခဲ့ကြသည်။

လူငယ်များအကြား အုပ်စုဖွဲ့ခြင်းနှင့် ပတ်သက်၍ ဆင်ခြေဖုံးမြို့နယ်တစ်ခုမှ ကိုမောင်ကျော်က “ကျွန် တော် တို့ ဖွဲ့ထားတာတော့ သူများကို ရမ်းကားဖို့မဟုတ်ပါဘူး၊ ကိုယ်တွေ အရေးကြုံလာရင် အကူအညီ တောင်း လို့ရအောင်ပါ။ ကိုယ့်ဘက်ကတော့ ဘယ်တော့မှစပြီး အမှားမလုပ်ပါဘူး။ အကုန်လုံးကတော့ ပြဿ နာဖြစ်လာရင် ဆိုးအတူကောင်းအတူ မျှခံရဲတဲ့သူတွေပါ။ ဂိုဏ်းစတားလိုတော့ မဟုတ်ပါဘူး။ ကိုယ်တွေ သူငယ်ချင်းတွေ နဲ့ ဖွဲ့ထားတာပါ” ဟု ပြောသည်။

လက်ရှိဖြစ်ပေါ်နေသော လူငယ်များအကြား အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်ခြင်းများမှာ လူငယ်တို့၏ကြီးပြင်းရာ ပတ်ဝန်းကျင် နှင့် အသိပညာ အတတ်ပညာပေးမှု အပိုင်းတွင် အများကြီး သက်ရောက်မှုရှိနေသည်ဟု အငြိမ်းစား ဒု-ရဲမှူး ဦးညွန့်လှိုင် က ထောက်ပြသည်။

“ရေတိုအနေနဲ့ကတော့ ပြစ်မှုကျူးလွန်သူ လူငယ်တွေကို ဥပဒေအရ အပြစ်ပေးအရေးယူရမှာပေါ့။ ဒါပေမဲ့ ရေရှည်စီမံကိန်းလုပ်ဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့သော အုပ်စုဖွဲ့ရိုက်နှက်မှုများ ဖြစ်ပွားရာတွင် ရဲတပ်ဖွဲ့ဝင်များက အချိန်မီဝင်ရောက် ဟန့်တားနိုင် မှုမရှိသည့်အပြင် အချိန်ကြန့်ကြာနေမှုများကြောင့် လွတ်မြောက်နေသည့် ပြစ်မှုကျူးလွန်သူ အများအပြား ရှိနေသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက “ပြစ်မှုကျူးလွန်မှု ဖြစ်စဉ်တွေမှာ တရားလိုက ချက်ချင်းတိုင်တန်းဖို့လိုသလို မြန် မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ချက်ချင်းလာရောက်ပြီး အရေးယူဆောင်ရွက်ပေးဖို့ လိုပါတယ်။ ခုဟာက ပြစ် မှုဖြစ်ပြီး နောက်တစ်နေ့မှ ရောက်လာပြီး လိုက်ဖမ်းတော့ လွတ်မြောက်နေသူတွေလည်း ရှိနေတယ်။ ပြစ် မှုကျူးလွန်သူကို ဥပေဒအရအမြန်ဆုံး အရေးယူဖို့လိုသလို မဖြစ်ခင်ကလည်း ကြိုတင်ကာကွယ်တား ဆီးပေးနိုင်ဖို့ လိုပါတယ်” ဟု ဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်ညက ပွဲတော်လုံခြုံရေးနှင့် နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေ သည့် ရဲအရာရှိတစ်ဦးပါ လှည့်ကင်းရဲတပ်ဖွဲ့အား လူငယ်အဖွဲ့တစ်ခုက လမ်းခုလတ်တွင် ပိတ်ဆို့ပြီး ၀ိုင်းဝန်း ရိုက်နှက်မှုတစ်ခု စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၀က်လက်မြို့တွင် ဖြစ်ပွားခဲ့သည်။

“အချိုးချမယ်ဆိုရင် လူပေါင်းလေးငါးထောင်မှ ရဲတစ်ယောက်ပဲရှိတာဆိုတော့ လုံခြုံရေးက လိုအပ်ချက် ရှိနေတာပေါ့၊ ဒီလိုမျိုးအမှုအခင်းတွေ ရှိရင်ဘယ်လိုမျိုး ထိန်းသိမ်းရမလဲဆိုတဲ့ နည်းလမ်းတွေရှိရပါမယ်။ ဒါမျိုးကို ထိန်းနိုင်မယ့် ရဲအင်အားရှိဖို့လိုပါတယ်။ သူတို့မှာလည်း လိုအပ်တဲ့ပစ္စည်းကိရိယာအပြည့်အစုံ ရှိဖို့လိုပါတယ်။ ဒါမျိုးတွေ လုပ်အပ်နေသေးတာပေါ့” ဟု ဦးညွန့်လှိုင်က ဆိုသည်။

ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ကျူးလွန်သည့် မှုခင်းများနှင့် အများပြည်သူ ရှေ့မှောက်တွင်ပင် ပေါ်ပေါ်ထင် ထင်ကျူးလွန်သော မှုခင်းများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အချိန်မီလာရောက်ဟန့်တားနိုင်မှု မရှိခဲ့ပေ။

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အား နှင့် ပြည်သူအချိုးညီမျှမှုမှာများစွာ ခြားနားနေသဖြင့် အင်အား တောင့် တင်းသောရဲတပ်ဖွဲ့တစ်ခုဖြစ်ရန် လိုအပ်နေကြောင်း အငြိမ်းစား ဒု-ရဲမှူး ဦးညွန့်လှိုင်က ဆိုသည်။

ယခုဖြစ်ပွားလျက်ရှိသည့် အုပ်စုဖွဲ့မှုခင်းများကို မဖြစ်ပွားခင်က ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဖြစ်ပွားလာ ပါက အချိန်မီဝင်ရောက်ဟန့်တားမှုပြုနိုင်သော ရဲတပ်ဖွဲ့တစ်ခုရှိလာရန် လိုအပ်နေပေသေးသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese