Monday, November 18, 2013

တရုတ်နိုင်ငံ ထျင်ကျင်းမြို့ မြန်မာ့ကျောက်စိမ်း အရောင်းပွဲတော်

ထျင်ကျင်းမြို့ရှိ ကျောက်စိမ်းအရောင်း ပြခန်းများကို တွေ့ရစဉ်
တရုတ်နိုင်ငံအတွင်း ပြည်နယ်တွေက မြို့ကြီးတွေမှာလုပ်တဲ့ မြန်မာ့ကျောက်စိမ်း ရောင်းပွဲတွေကို ကိုယ့်အ ဆက် အစပ်နဲ့ကိုယ် အရောက်သွားရောင်း ကြသူတွေနဲ့ ဆက်စပ်ပြီး ထျင်ကျင်းဆိုတဲ့မြို့က မြန်မာ့ကျောက် စိမ်း အရောင်းပွဲတော်ကို ရောက်ခဲ့ပါတယ်။

ထျင်ကျင်းမြို့ဟာ တရုတ်ပြည်သစ်ရဲ့ ပထမဆုံး ၀န်ကြီးချုပ်ဖြစ်ခဲ့သူ ချူအင်လိုင် တက်ခဲ့တဲ့ တက္ကသိုလ်ကြီး ရှိတဲ့မြို့လို့ ထျင်ကျင်းမြို့က တက္ကစီဒရိုင်ဘာ တစ်ယောက်က ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ မြို့တော်ပေ ကျင်းနဲ့ ကျည်ဆန်ရထားစီးရင် ၃၅ မိနစ်လောက် စီးရပြီး ကားစီးမယ်ဆိုရင် နှစ်နာရီခွဲလောက် စီးရ တဲ့မြို့ ဖြစ်ပါတယ်။ သွားရတဲ့ခရီးက လေယာဉ်နဲ့ဆိုတော့ ထူးထူးထွေထွေ ပြောစရာ သိပ်မတွေ့ရ သလိုပါဘဲ။ မြန်မာ-တရုတ် နယ်စပ် ရွှေလီကနေ တရုတ်ပြည် အတွင်းပိုင်းကီလို မီတာ ၁၀၀ လောက်ဝေး တဲ့ မန်စီဆိုတဲ့ လေဆိပ်ရှိတဲ့ ခရိုင်မြို့ကနေ လေယာဉ်စီးခဲ့တာ ၅၅ မိနစ် လောက်မောင်းပြီး လေယာဉ်ဟာ ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းကို ရောက်ပါတယ်။ ကူမင်းမြို့ရဲ့ ရာသီဥတုဟာ ပါးစပ်က အခိုးတွေ ထွက်ပြီး အနွေးထည် ၀တ်ရလောက်အောင် ချမ်းနေတဲ့ ဆောင်းရာသီမျိုး ဖြစ်နေပါပြီ။ ရွှေလီမြို့ရဲ့ ၁၀ လပိုင်းဟာ မနက်စောစောမှာ လက်ရှည်ထူထူဝတ်ပြီး နေ့လယ်ဆိုရင် လက်ပြတ်အင်္ကျီနဲ့ နေလို့ရနေတဲ့ ရာသီဥတုမှာ နေခဲ့သူ ဖြစ်နေတော့ ကူမင်းလေဆိပ်ထဲမှာ ဟတ်ချီးချီနေရပါတယ်။ ကူမင်းရောက်တော့ ထျင်ကျင်း လေယာဉ်လက်မှတ် ပြန်ရဖို့ ထပ်သွားယူပြီးနောက် ထျင်ကျင်း လေယာဉ်ပေါ် ရောက်ခဲ့ပါ တယ်။ လေယာဉ်က ကူမင်းကနေ ပေကျင်းစံတော်ချိန် တစ်နာရီခွဲလောက် စထွက်ပါတယ်။ လူ ၁၅၀ ကျော်လောက် လေယာဉ်ပေါ်မှာ တင်ထားပါတယ်။ လေယာဉ်မယ် တရုတ်မ ချောချောလေးတွေ ကလည်း ခရီးသည်တွေ မေးသမျှကို လှိုက်လှိုက်လှဲလှဲ ပြုံးပြပြီး ပြန်ဖြေပြန်ပြော ပြပါတယ်။ လေယာဉ် ထွက်ပြီး ခဏကြာတော့ တရုတ်ပြည်ထုတ် နေ့စဉ်သတင်းစာတွေကို လေယာဉ်မယ်လေးတွေက ခုံစေ့လိုက်ဝေပါတယ်။ လေယာဉ်ပေါ် ပါလာတဲ့ ခရီးသည် တရုတ်မိန်းကလေး ငယ်တွေကလည်း သတင်းစာ ဖတ်ကြတယ်။

တရုတ်လူငယ် တွေကလည်း သတင်းစာ ဖတ်ကြတာ တွေ့ရတယ်။ လေယာဉ်ဟာ ၁ နာရီ မိနစ် ၄၀ လောက် မောင်းပြီး ရှီးအန်းဆိုတဲ့မြို့က လေဆိပ်ဆင်းပြီး မိနစ် ၂၀ လောက်နား လူအတင်အချ လုပ်ပါတယ်။ ရှီးအန်းမြို့ ကနေ ပြန်ထွက်လာပြီး ထျင်ကျင်းလေဆိပ် လေယာဉ်ဆိုက်တော့ ည ၆ နာရီ ၄၀ မိနစ်ရှိပါပြီ။

လေယာဉ်ပေါ်က ဆင်းချိန်မှာ လေယာဉ်မယ် လေးတွေက ခါးလေးညွတ် ပြုံးပြခေါင်းလေးငုံ့ပြီး ကျိုင့်ကျန့်ဆို တဲ့အသံ ထွက်လာပါတယ်။ အတူပါလာပြီး တရုတ်စကား မတတ်သူ တစ်ယောက်က ဘာပြောတာလဲ မေး လိုက်တော့ ခပ်နောက်နောက် တစ်ယောက်က အကြွေးကျန် တောင်းတာဆိုပြီး ဘာသာပြန်ပါတယ်။ အမှန်ကတော့ နောက်တစ်ကြိမ် ပြန်ဆုံမယ်လို့ တရုတ်လို နှုတ်ဆက်တာပါ။ တည်းမယ့် ဟိုတယ်ရောက်ပြီး နောက်တစ်နေ့ နံနက်မှာ မြန်မာ့ကျောက်စိမ်း ရောင်းပွဲ ကျင်းပမယ့် နေရာကို ကိုယ်ရောင်းရမယ့် ဆိုင်ခန်းနံပါတ်နဲ့ နေရာတွေ သွားကြည့်ပါတယ်။ ကျောက်စိမ်း အရောင်းပြပွဲလုပ်မယ့် အဆောက်အအုံ ကြီးတွေက ပေ ၄၀၀ လောက် ကျယ်တဲ့ အဆောက်အအုံကြီး နှစ်ခုတွဲထား တာ တွေ့ရပါတယ်။ အဲဒီအဆောက်အအုံ ကြီးတွေထဲမှာ ကိုးပေပတ်လည် ဆိုင်ခန်းတွေ ဖွဲ့ထားပြီး ဆိုင်ခန်းနံပါတ်နဲ့ ရောင်းရပါတယ်။ အဆောက်အအုံကြီးတွေ ကောင်းကြောင်း စနစ်ကျကြောင်း ပြောရရင် မိုးလုံလေလုံ ဆောက်ထားပြီး နွေဆိုရင် အအေးဓာတ်၊ ဆောင်းဆိုရင် အနွေးဓာတ်ပေးဖို့ စက်ကြီးတွေနဲ့ လုပ်ထားတာ ပြောမပြတတ်အောင် ကောင်းတယ်လို့ပဲ ပြောလိုက်ချင်ပါတယ်။ ဒီလိုအဆောက်အုံ ကြီးတွေထဲမှာ ကျောက်စိမ်းရောင်းပွဲတွေ၊ ကုန်စည်ပြပွဲတွေ လက်ခံကျင်းပပြီး ငွေကောက်ယူသူအ ဆောက် အအုံ ကန်ထရိုက်နဲ့ ကျောက်စိမ်းအရောင်းပြပွဲ ကျင်းပသူ ကန်ထရိုက် ဆက်စပ်ပြီး စီးပွားရှာနေ ကြတာတွေဟာ တရုတ်ပြည် အတွင်းက မြို့ကြီးအတော်များများမှာ တွေ့ရပါတယ်။ ပြပွဲရက် (၂၅-၁၀-၂၀၁၃) ရက်မှာ မြန်မာ့ ကျောက်စိမ်း အရောင်းပြပွဲ စဖွင့်ပါတယ်။ တရုတ်လို ထျင်ကျင်းမေကျန်းဟွေ့ကျန်ကျုံးရှင်း လို့ခေါ်တဲ့ ပြပွဲကျင်းပရာ အဆောက်အအုံကြီးထဲကို ၀င်ဖို့အတွက် ကျောက်လာဝယ်သူတွေ (လယ်) လည်ဆွဲ ကတ်ပြားတွေဝယ်ပြီး ၀င်ကြရပါတယ်။

အရောင်းဆိုင်ခန်း ယူသူတွေကတော့ ဆိုင်ခန်းတစ်ခန်းကို ယွမ် ၉၀၀၀ ပေးထားတယ် ဆိုတော့ ၀င်ခွင့်လည်ဆွဲကတ်ပြား အခမဲ့ရပါတယ်။ ပြပွဲထဲမှာတော့ တရုတ်ပြည် တွင်းထွက်ကျောက်တွေ ထိုင်ဝမ်တွင်းထွက် ကျောက်တွေ တခြားနိုင်ငံက တွင်းထွက် ကျောက်တွေလည်း တွေ့ရပါတယ်။ မုတ်ကောင် အရှင်တွေကို ပြထားပြီး ပုလဲကုံးတွေ ရောင်းနေတာတွေလည်း တွေ့ရပါတယ်။ သစ်သား မျိုးစုံပုတီးတွေနဲ့အတူ ပန်းပုရုပ်မျိုးစုံ ထုထားပြီး ရောင်းနေတာတွေလည်း တွေ့ရပါတယ်။

အဓိကတော့ မြန်မာ့ကျောက်စိမ်း အရောင်းပွဲတော် ခေါင်းစဉ်တပ်ထားပြီး ကျန်တဲ့ပစ္စည်းတွေက မှီကြမှေးကြတဲ့ သဘောပဲ ဖြစ်ပါတယ်။ ကျောက်စိမ်းကို လက်တစ်ဖက်ထဲ ကိုင်ဆုပ် နယ်နေလို့ ရမယ့်အရွယ် ပန်းပုရုပ်တွေ ထုထားတယ်။ ဆွဲပြားပန်းပု လုပ်ထားတယ်။ လက်စွပ် လုပ်ထားတယ်။ လက်ကောက် လုပ်ထားတယ်။ ခါးချိတ်ဖို့ ပန်းပုလုပ်ထားတယ်။ ကွမ်ရင်မယ်တော်ပုံ ထုထားတယ်။ ဦးတည်ဘွားပုံတွေ ထုထားတယ်။ အသီးမျိုးစုံ ပန်းပုထုထားတယ်။ ပန်းပွင့်မျိုးစုံ ပန်းပုထုထားတယ်။

တရုတ်ရိုးရာ အစဉ်အဆက် ကိုးကွယ်ကြတဲ့ နတ်ရုပ်တွေ ထုထားတယ်။ ပုတီးတွေ လုပ်ထားတယ်။ ဧည့်ခန်းတွေထဲမှာ တည်ထားတဲ့ အထိုင်ပန်းပုမျိုးစုံ ထုထားတယ်။ မြန်မာ့ ကျောက်စိမ်းကို ပန်းပုထုထားတဲ့ ပုံစံမျိုးစုံ ကုန်အောင် ပြောပြဖို့ဆိုတာ မပြောတတ်တာတွေ ကျန်နေပါသေးတယ်။

ကျောက်စိမ်း အရောင်းပွဲတွေမှာ ရောင်းနေသူအားလုံး ရောင်းနေရတယ်လို့တော့ မဟုတ်ပါဘူး။ တချို့ဝယ်သူ တွေကတော့ ဈေးမေးပြီး ပြန်ပြေးသွားတာ တွေလည်း ရှိကြပါတယ်။ ကံကောင်းတဲ့ လာရောင်းသူတွေကတော့ သယ်လာသမျှ ကျောက်တွေအကုန်လုံး ၀ယ်မယ့်သူ တရုတ်လော ပန်း တွေနဲ့တွေ့ပြီး အားလုံးဝယ်သွားလို့ စံရတဲ့သူတွေ ရှိသလို တစ်ပွဲလုံး ပြီးသွားပေမယ့် ဈေးဦးမပေါက်လို့ စရိတ်တွေရှုံးပြီး လူပင်ပန်း ကြတာတွေလည်း တွေ့ရပါတယ်။ အဲဒီလိုရှုံးတဲ့ပွဲတွေ ကြုံရပြီဆိုရင် တစ်ပွဲကို တရုတ်ယွမ်ငွေုံးလေးသောင်း ရှုံးကြရပါတယ်။

ကျောက်လာရောင်းရင်း စားလိုက်အိပ်လိုက် ဆိုင်သွားလိုက်နဲ့ အချိန်ကုန်ပြီး အအေးဒဏ်ကလည်း ခံနေရတော့ ချမ်းနေတာလေး နွေးလာအောင် တစ်ရက်မှာ ညစာထမင်းစားပြီး ည ၈ နာရီလောက် ဟိုဒီကြည့်ရင်း လမ်းလျှောက်ပါတယ်။ ထျင်ကျင်းမြို့ကြီးရဲ့ ညရှုခင်းကတော့ မီးတွေထိန်နေပြီး ကားတွေ တ၀ီဝီနဲ့ ဖုန်နံ့တွေကလည်း မမွှန်ပေမယ့် နှာခေါင်းထဲကို ဇွတ်တိုးဝင်နေပါတယ်။

အားကစားကွင်းပန်းခြံကြီး တစ်ခုနားရောက်တော့ အေးနေတဲ့ ရာသီဥတုကို အန်တုနိုင်ဖို့ ကိုယ်လက် လှုပ်ရှားမှု လုပ်နေတဲ့လူ ၂၀၀ လောက် အရွယ်မျိုးစုံ အမျိုးသား၊ အမျိုးသမီး တွေနဲ့အတူ ရောဝင်ပြီး အယောက်ငါးဆယ် ကျော်လောက် ရှိနိုင်မယ့် အသက် ၆၀ ကျော် အဘိုးကြီး၊ အဘွားကြီးတွေဟာ ငြိမ့်ငြိမ့်လေးနဲ့ မြူးနေတဲ့ ဂီတသံစဉ်တွေ အောက်မှာ ချွေးတွေ ထွက်နေပြီး သွက်သွက်လက်လက်နဲ့ ကနေပုံတွေ တွေ့လိုက်ရတော့ ကျွန်တော် ပြုံးမိပါတယ်။
ဟိန်းထက်နိုင်
Eleven Media Group