Friday, November 29, 2013

နိုင်ငံတော် ကြီးငါးကြီး တွေ့ဆုံရေးအပေါ် သူတို့အမြင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေး အဆင်ပြေ ချောမွေ့စေ ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံ ဆွေးနွေးရန် သမ္မတထံသို့ နိုဝင်ဘာ ၂၅ ရက်နေ့ တွင် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။ ထိုကဲ့သို့ နိုင်ငံ၏ ကြီးငါးကြီး တွေ့ဆုံမှုအပေါ်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည် တို့ ပထမဆုံးအကြိမ် တွေ့ဆုံ မှု ဖြစ်လာနိုင်မည့်အပေါ် နိုင်ငံရေး အသိုင်းအ၀ိုင်း အသီးသီးမှ ဝေဖန် သုံးသပ်လျက်ရှိရာ စုစည်း တင်ပြလိုက်ရပါသည်။

ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ)
ဒီ ကြီးငါးကြီး တွေ့ဆုံရုံနဲ့ ဒီပြည်ထောင်စု ဖွဲ့စည်းပုံ ပြဿနာပြီးမယ်ဆိုရင် ၁၉၄၈ခုနှစ် လွတ်လပ်ရေး မှာ ပေါက်ဖွား လာတဲ့ လက်နက်ကိုင်တွေကို ကျွန်တော်တို့ မေ့ပစ်ခဲ့သလို ဖြစ်မှာပေါ့။ ဘာကြောင့် တိုင်းရင်းသား တွေက တန်းတူညီမျှခွင့်တို့ အုပ်ချုပ်ခွင့်တို့ တောင်းနေကြတာလဲ သေချာ စဉ်းစားကြည့်ပေါ့။ ဒါတွေကို မေ့ပစ် ခဲ့လို့ရရင် မေ့ပစ်နိုင် ရင် မေ့ပေါ့။ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့အချက်ကိုပေါ့။ ဒါတွေသာ မေ့ပစ်လို့မရ လို့သာ ဒီနေ့အထိ ဒီပြဿနာတွေကို ဖြေရှင်း နေရတာပေါ့။ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက် ကြရအောင်လို့ ပြောတာ။ အဲဒီလို လွှတ်တော်ဆိုတဲ့ ကဏ္ဍကို ကျွန်တော်တို့ ခုနကလို အသိပြုရမှာ ဖြစ်သလို လွှတ်တော်အစက အခြေအနေကို အသိအမှတ် ပြုဖို့လို တယ်။ နိုင်ငံရေးခေါင်းဆောင် တိုင်းရင်းသား ခေါင်းေ ဆာင် တွေကို မေ့ထားလို့ ရမှာလား။ ဗမာ့နိုင်ငံရေးကို သမ္မတကြီးရဲ့ သုံးသပ်ချက်နဲ့ ဆုံးဖြတ်လို့ ရမယ်ဆိုရင် သမ္မတကြီးရဲ့ ထင်မြင် ယူဆချက်ကို ဘာမှမပြောလိုဘူး။ တိုင်းရင်းသား ကဏ္ဍကို မေ့ပျောက် ထားတာ။ ပြည်ထောင်စု ဝေါဟာရကို လွယ်လွယ်သုံးပြီး စည်းရုံးနေတဲ့ ပါတီကြီးတွေကို ဆင်ခြင်ဖို့ လိုလာပြီ။ သတိထားဖို့ လိုလာပြီလို့ သုံးသပ်မိပါတယ်။ ဒီငါးယောက်နဲ့ ပြီးမယ်ဆိုရင် တိုင်းရင်းသား ငြိမ်းချမ်းရေးတို့ ဘာတို့ လိုသေးလို့လား။ တိုင်းရင်းသားတွေကို ဗမာ့ခေါင်းဆောင်တွေက နောက်လိုက်တွေလို သဘောထားကြတယ်။ ဒါကြောင့် တိုင်းရင်းသားတွေက မယုံကြည်ဖြစ်နေတာ။ …



● ကိုမြအေး (၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)
ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလား ဆိုတာတော့ ပြောဖို့ စောသေးသလို၊ ပြောဖို့လည်း ခက်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုရင် ၂၅ရာခိုင်နှုန်းရဲ့ ပူးပေါင်းပါဝင် ဖို့လည်းလိုတယ်။ တပ်မတော်မပါဘဲနဲ့ မရဘူးလို့ ပြောချင်တာဗျာ။ အဲတော့ တပ်မတော်ပါပြီးမှ လုပ်မယ်ဆိုရင်တော့ ကောင်းတယ်။ ဟိုလူမပါနဲ့ ဒီလူမပါနဲ့ ဆိုတာထက် အားလုံးပါဝင် ဆောင်ရွက်မယ် ဆိုရင်တော့ ကောင်းတယ်။ ဖြစ်လည်း ဖြစ် သင့်ပါတယ်။ ဖြစ်ပေါ် လာနိုင်လား မလာနိုင်ဘူးလား ဆိုတာတော့ ကျွန်တော်တို့လည်း သုံးသပ်ဖို့ ခက်တယ်ဗျ။ တစ်ခုရှိတယ်ဗျ။ ကျွန်တော့်အမြင် ပြောတာတော့ ကျွန်တော် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ တစ်ကြိမ် ဆုံဖူးတယ်။ အများကတော့ သူ့ကို ဘယ်လို ယူဆလဲ မသိဘူး။ ကျွန်တော်နဲ့တော့ တစ်ခါ ဆုံဖူးတယ်။ အဲ့တုန်းကတော့ သဘောထား တင်းမာတဲ့ပုံ မတွေ့ရပါဘူး။ ဘယ်သူ့ကိုမှ သဘေားထား တင်းမာတယ်၊ ပျော့ပျောင်းတယ်လို့ သဘောမထားဘဲ တွေ့ဆုံသင့်တယ်လို့ ထင်တယ်။

● ဦးခွန်ထွန်းဦး (ရှမ်းအမျိုးသား ဒီမိုကရေစီပါတီဥက္ကဋ္ဌ)
ပြောမနေပါနဲ့ဗျာ။ အရင်တည်းက စေတနာရှိရင် ပြီးနေတဲ့ ကိစ္စပဲ။ မဖြစ်နိုင်ဘူးတော့ မဟုတ်ဘူး။ ဖြစ်တော့ ဖြစ်နိုင်တယ်။ အချိန်ကလည်း နီးလာပြီလေ။ ပြဿနာပေါင်းစုံနဲ့ကိုး။ အကောင်းဆုံး နည်းကတော့ အဘိုးကြီးသာ ခေါ်ထည့် လိုက်ပါတော့။ ၁၆နှစ် ၁၆မိုး အပင်ပန်းခံပြီး ကြိုးစားပြီး ရေးထားတာ ဘယ်အပျက် ခံမလဲ။ လူကလည်း ကိုယ့်ဟန်နဲ့ ကိုယ်ပဲလေ။ ဘာမှ မတတ်နိုင်ဘူးလေ။ ကျမ်းလည်းမဟုတ်၊ ပဋိကတ်သုံးပုံ လည်းမဟုတ်။ လူပြင်လို့ မရတဲ့ဟာမှ မဟုတ်တာ။ လူရေးတာ လူပြင်လို့ရမှာပေါ့။ ပြင်ဖို့ကတော့ ဖြစ်တော့ ဖြစ်နိုင်တာပေါ့ဗျာ။ ဒါတွေက internal ကိုဗျ။ ဦးသန်းရွှေတို့၊ သမ္မတတို့၊ ဦးရွှေမန်းတို့၊ မင်းအောင်လှိုင် တို့ကတော့ internal ကိုး။ ကျွန်တော်တို့က ပေါင်းခဲ့တာလည်း ကြာပြီလေ။ အပြင်လောကမှာ သူကလည်း အကောင် တစ်ယောက်ပဲ။ ကမ္ဘာ့အဆင့်နဲ့လေ။ ပြောရင်တော့ ဖြစ်လောက်ပါတယ် ထင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောဖို့လိုပြီ။ နဂိုကလည်း မပြောခဲ့လို့ ဖြစ်ခဲ့တာပေါ့။ ကောင်းတော့ ကောင်းတယ်။ ဒါပေမဲ့ ဖြစ်မယ် မဖြစ်ဘူး ကတော့ သိပ်ပြောလို့ မရဘူး။ အဓိကကတော့ တိုင်းပြည် အပေါ်ထားတဲ့ စေတနာပေါ့ဗျာ။

● ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ မြန်မာ၊ဥက္ကဋ္ဌ)
သူတို့က တွေ့ချင်တယ်ဆိုရင် သမ္မတကြီးကလည်း တွေ့မယ်ဆို ရင် တွေ့ပေါ့ဗျာ။ ဖြစ်နိုင်တယ်ဆို တာ တွေ့ချင်တဲ့လူ ရှိရင် ဖြစ်တာပေါ့။ သူက အကြံပြုတယ်။ ကျန်တဲ့သူကလည်း တွေ့ချင်တယ် ဆိုရင်တော့ တွေ့ဖို့ ဖြစ်သွားမှာပေါ့နော်။ တွေ့တဲ့အပေါ်မှာ ဘယ်လောက် အကျိုးရှိတယ်။ မရှိဘူးကတော့ မပြောတတ်ဘူး။ သူက ဘာရည်ရွယ်ချက်နဲ့ တွေ့ချင်တယ် ပြောသလဲတော့ မသိဘူးပေါ့။ တွေ့ချင်တဲ့ ရည်ရွယ်ချက်က ကျွန်မကို သမ္မတဖြစ်အောင် ဥပဒေပြင်ပေးပါလို့ ပြောမလို့လား။ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့က အဲဒီငါးယောက်က သဘောတူတယ် ဆိုရင်တောင်မှ လွှတ်တော် သဘောတူမှ ပြင်လို့ရမှာလေ။ ဒါက သူတို့ အချင်းချင်း ညှိတယ် ဆိုတော့လည်း ညှိတာပေါ့။ ဒါက ဒီမိုကရေစီရဲ့ လုပ်နည်း လုပ်ဟန် တစ်ခုပဲ။ ညှိပေါ့။ အဲဒါက လုပ်လို့ရတာပဲ။ ဒါက ရည်ရွယ်ချက်တွေ ရှိမှာပေါ့။ ဥပမာ သမ္မတတို့၊ ဦးခင်အောင်မြင့်တို့ တွေ့ ချင်တဲ့ ရည်ရွယ်ချက် ရှိတယ်ဆိုရင် တွေ့မှာပေါ့။ ရည်ရွယ်ချက်ပေါ်မှာ မူတည်တယ်လေ။ အကျိုးကျေးဇူး ကတော့ ရောနေမှာပဲလေ။ ရည်ရွယ်ချက်တွေကလည်း ရောနေမှာပဲ။ ကောင်းတာလည်း ရှိမယ်။ ဆိုးတာလည်း ရှိမယ်။ ဟိုတစ်နေ့ကပဲ ကြားလိုက် တာကတော့ အမေရိကန်က ကုလသမဂ္ဂကိုယ်စား လှယ် မြန်မာနိုင်ငံကနေပြီး တိုင်းပြည်မှာရှိတဲ့ ပြဿနာတွေ အကုန်ဖြေရှင်းပေါ့ဗျာ။ အဲဒီအထဲမှာ ကျွန်တော် ထင်တယ်။ သူတို့ပြောတာကတော့ တိုင်းရင်းသား လူနည်းစုတွေပေါ့ ရိုဟင်ဂျာကိုလည်း ပြေ လည်အောင်လုပ်၊ လက်နက်ကိုင် တွေကိုလည်း ငြိမ်းချမ်းရေး ရအောင်လုပ် ပြီးတော့ ဒေါ်စုကိုလည်း သမ္မတ ဖြစ်အောင်လုပ်။ ဗမာပြည်ကိုလည်း နံပါတ်တစ်ဖြစ်အောင် လုပ် ပေးမယ် ဆိုတာပေါ့ဗျာ။ သူတို့ကလည်း သူတို့ ရည်ရွယ်ချက်တွေနဲ့ လုပ်မှာပေါ့။ အဲဒါနဲ့ ဒေါ်စုက တစ် ဆက်တည်း ဖြစ်ချင်ဖြစ် မှာပေါ့။ အဲဒီအကြောင်းတွေကို အမေရိကန်က ဒီလိုပြောထားတယ်။ ခင်ဗျား တို့အားလုံးကို ကူညီတော့မယ် သူက သွားပြောတာလည်း ဖြစ်ချင် ဖြစ်နိုင်တာပေါ့။ တိုင်းပြည်ထဲမှာ ရှိနေတာတွေကို ပြေလည်အောင် လုပ်အားလုံးကို အလျှော့ပေး၊ ငြိမ်းချမ်းရေးရအောင်လုပ် အဲဒီလိုဆိုရင် အမေရိကန် က ပြောတဲ့အတိုင်း မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ နံပါတ်(၁) ဖြစ်လာ မှာ သွားပြော တာလည်း ဖြစ်မှာပေါ့။ ပြောချင်လို့လည်း ဖြစ်မှာပေါ့။

● ဦးသိန်းညွန့် (အမျိုးသား ဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ)
အဖွဲ့အနေနဲ့ကတော့ အခြေခံ ဥပဒေကိစ္စတွေကို ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီပါတီသစ် (NNDP) က ကျွန်တော့်ကို လွှဲအပ်ထားတယ်။ အခြေခံဥပဒေနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ပြောဖို့။ ဒီနေ့ ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျွန်တော်တို့က မပြင်မချင်း လေးစား လိုက်နာရမယ့် တာဝန်ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ အခြေခံဥပဒေ ပြင်ဆင်နိုင်ခွင့်က ပြည်ထောင်စု လွှတ်တော်မှာပဲရှိတယ်။ အဲတော့ ပြည်ထောင်စု လွှတ်တော်ကနေ ဒီအခြေခံဥပဒေကို ခေတ်နဲ့အညီ ပြင်ဆင်နိုင်ဖို့ လေ့လာစိစစ် သုံးသပ်ဖို့ ပူးပေါင်း ကော်မတီကို (၁၀၉)ဦးနဲ့ ဖွဲ့ထားတယ်။ အခုတစ်ဦး ကွယ်လွန်သွားတော့ (၁၀၈)ဦးပေါ့။ အဲတော့ အခြေခံဥပဒေ လေ့လာစိစစ်ရေး ကိစ္စတွေ အားလုံးက ပြည်ထောင်စု လွှတ်တော်က အပ်နှင်းထားတဲ့ ပူးပေါင်း ကော်မတီမှာ ဆောင်ရွက်နိုင်ရင် အကောင်းဆုံးပေါ့။ ဒါက တရားဝင် လမ်းကြောင်းပဲ။ တရားဝင် လမ်းကြောင်း အတွင်းမှာက ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေကို အခြားလမ်းကြောင်း တစ်ခုကို အားသန်တဲ့ ပုံစံနဲ့ တင်ပြတာဆိုတော့ ရိုးရိုးသားသား ပြောရရင် အခြေခံဥပဒေ ဘောင်အတွင်းကနေ ပြနိုင်ဖို့ ပြောတဲ့အခါမှာ ဘယ် အကြောင်းကြောင့် ဒီနည်းလမ်းအတိုင်း မဆောင်ရွက်ချင်သလဲ။ ဒါကတော့ သက်ဆိုင်ရာ ကာယကံရှင်ပဲ သိပါလိမ့်မယ်။ နောက် ဒုတိယ အချက်ကတော့ ဒီပူးပေါင်း ကော်မတီမှာလည်း ဒီပါတီရဲ့ ပုဂ္ဂိုလ်ရဲ့ ကိုယ်စားလှယ်တွေ ပါတာပဲ။ အဲဒီ မှာလည်း မိမိပါတီရဲ့ သဘောထားကို တင်ပြနိုင်တာပဲ။ ဒီမှာ အရေးအကြီးဆုံး ပြောပြချင်တာက ခုက ပါတီစုံ ဒီမိုကရေစီနဲ့ စခန်းသွားနေတာ။ လွှတ်တော်ထဲမှာ တခြားပါတီရဲ့ကိုယ်စားလှယ်တွေ ရှိတယ်။ ဒီကိုယ်စား လှယ်တွေ အားလုံးဟာလည်း လေ့လာစိစစ် သုံးသပ်ရေး ကော်မတီမှာ ပါတီ အချိုးအစားရ ပါဝင်နေတာတွေ ရှိတယ်။ ကျွန်တော်ကတော့ အရင် ဆိုရှယ်လစ် နိုင်ငံတွေမှာ လုပ်တဲ့ ပါတီမူဝါဒ အပေါ်မှာ ဆွေးနွေးတဲ့ ဗဟိုကော်မတီမှာ ဆွေးနွေးချက်တွေကို လွှတ်တော်က အကောင်အထည်ဖော် ပါလီမန်မျိုးတော့ ကျွန်တော်တို့ နိုင်ငံမှာ မရှိစေချင်ဘူး။

● ဦးဝင်းမြင့် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်)
ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးမှာ အဆင်ပြေ ချောမွေ့အောင် တွေ့တာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးမှာ ဒီပုဂ္ဂိုလ်တွေ အားလုံးက အဓိက တာဝန်ရှိပြီး ဒီပုဂိ္ဂုလ်တွေ ညှိနှိုင်းပြီး ပူးပေါင်း ဆောင်ရွက်ရင် ပိုပြီး အဆင်ပြေအောင်လို့ မေတ္တာရပ်ခံစာ ပို့တာပဲ။ တွေ့ဆုံ ဖို့ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးကတော့ စောင့်ကြည့်ရမှာပေါ့။ ကြိုတင်ပြီးတော့ မခန့်မှန်းတတ်ဘူး။ မဖြစ်နိုင်ဘူး ဖြစ်နိုင်တယ်က တော့ တုံ့ပြန်မှုပေါ်မှာပဲ မူတည်တာပေါ့။ ကျွန်တော်တို့ကတော့ ဒါကိုတော့ မခန့်မှန်းနိုင်သေးဘူး။ သူတို့ဘက်က မတွေ့ဆုံဖို့ တုံ့ပြန်လာခဲ့ရင် မတွေ့ဆုံဘူးဆိုတာ ပြည်သူလူထု သိသွားတာပေါ့။ ကျွန်တော်တို့ကတော့ တိုင်းပြည်အတွက် ကောင်းအောင် ဒါအားလုံး ညှိနှိုင်း ဆောင်ရွက်နိုင်အောင် ပြောတာပါ။

● ဒေါက်တာ ရန်မျိုးသိမ်း
တိုင်းပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားရမှာ အဓိက ကျသူများ မျက်နှာချင်းဆိုင် တွေ့ ဆုံ ဆွေးနွေးရေးဟာ အရေးကြီးပါတယ်။ ဒီချုပ်ဘက်က အဆိုပြုတာကို ကြိုဆိုပါတယ်။ ၂၀၁၅ ခု နှစ်မတိုင်မီ အထိတော့ ဒီတွေ့ဆုံမှုမျိုးဟာ ဖြစ်နိုင်ခြေ နည်းတယ်လို့ ထင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက အဓိက ပြည်ထောင်စု လွှတ်တော်ရဲ့ အပိုင်းပါ။ နိုင်ငံတော်သမ္မတမှာ လုပ်ပိုင်ခွင့် မရှိပါဘူး။ ကာကွယ်ရေး ဦးစီးချုပ်ကတော့ ၂၅ ရာခိုင်နှုန်းကို ရွေးတာ ဖြစ်တဲ့အတွက် သမ္မတထက် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပိုသက် ဆိုင်ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ တွေ့ဖို့ မလိုအပ်သေးဘူးလို့ ယူဆပြီး မတွေ့တာမျိုး ဖြစ်နိုင် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တကယ်တောင်းသင့်တာက အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနဲ့လို့ ထင်ပါတယ်။

တကယ် လက်တွေ့ ဖြစ်မယ်ဆိုရင် တကယ်လည်း ကျေကျေ လည်လည် ဆွေးနွေး ဖြစ်မယ်ဆိုရင် တကယ် နားလည်မှုနဲ့ ယုံကြည်မှု တည်ဆောက်မယ် ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသာမက၊ အခြား နိုင်ငံရေး အကျပ်အတည်းတွေ အတွက်လည်း ထိရောက်မှု ရှိနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ရလဒ် ကောင်းတွေကတော့ နေ့ချင်းညချင်းရဖို့ မရှိနိုင်ပါဘူး။

ဝိုင်းမော်
Myanmartandawsint Newspaper