Sunday, November 17, 2013

အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုကြေးများ တိုးမြှင့်မည်

နေပြည်တော်၊ နိုဝင်ဘာ ၁၆
မြန်မာစာပေလောက ဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အထောက်အပံ့ ဖြစ်ရန် ရည်ရွယ်၍ ယခုနှစ်တွင် ပေးအပ်မည့် အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုများ၏ ဆုကြေးများ တိုးမြှင့်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် နိုဝင်ဘာ ၁၆ရက်နေ့က ပြုလုပ်သော အမျိုးသား စာပေဆုနှင့် စာပေဗိမာန် စာမူဆုများ ချီးမြှင့်ခြင်းနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသားစာပေ တစ်သက်တာ ဆုအတွက် ယခင်ဆုချီးမြှင့်ငွေ ကျပ် ၁၀ သိန်းမှ ယခု ၁၅ သိန်း၊ အမျိုးသား စာပေဆုအတွက် ယခင်ကျပ်ငါးသိန်းမှ ယခု ၁၀ သိန်း အပါအဝင် စာပေဗိမာန် စာမူဆုများကိုလည်း ဆုကြေး တိုးမြှင့် ချီးမြှင့်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အမျိုးသားစာပေ တစ်သက်တာဆုကို ယခင်နှစ်များက တစ်ဆုသာ ချီးမြှင့်ခဲ့ရာမှ ယခုနှစ်အတွက် သုံးဆု ချီးမြှင့်မည်ဟု ၎င်းကဆိုသည်။

အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန် စာမူဆု (ပထမ)၊ (ဒုတိယ) နှင့် (တတိယ)ဟူ၍ ဆုအမျိုးအစား ငါးမျိုး ချီးမြှင့်မည် ဖြစ်သည်။

အမျိုးသား စာပေဆုနှင့် စာပေဗိမာန် စာမူဆုများ ချီးမြှင့်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီတွင် အမျိုးသားကဇာတ်ရုံ (ရန်ကုန်) ၌ကျင်းပမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
The Voice Weekly