Monday, November 18, 2013

ဦးသန်းရွှေ ယာခင်းသို့ လုံခြုံရေးရဲကင်း ပြောင်းရွှေ့

နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၁၃
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်တောင်ရွာအနီး မုံရွာ - ပုသိမ် အဝေးပြေးကားလမ်းမကြီးပေါ်ရှိ လုံခြုံရေး ရဲကင်းအား နိုဝင်ဘာလ ၁၈ရက် ည ၈ နာရီခွဲခန့်က ဖယ်ရှားလိုက်ပြီးဖြစ်ကြောင်း ထိုဒေသရှိ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

မိုးကြိုးပြင်တောင်ရွာရှေ့တွင် ရွာလုံခြုံရေး ကင်းစောင့်နေသော ဒေသခံတောင်သူတစ်ဦးက "ရဲကင်းက အခုပြောင်းသွားပါပြီ။ မြေဖြူကျင်းတံတားနားက ရွာလူကြီး ဦးသန်းရွှေရဲ့ အခင်းတောထဲဘက်လို့ သိရပါတယ်" ဟု ပြောသည်။

ရဲကင်းစခန်းများသည် မြေယာလျော်ကြေးယူထားသည့် ရွာသူကြီးဦးသန်းရွှေ၏ ယာခင်းသို့  ပြောင်းရွှေ့အခြေစိုက်ခြင်းဖြစ်သည်ဟု လုံခြုံရေးရဲဝန်ထမ်းတစ်ဦးက ပြောသည်။ သီးခြားအတည်ပြုချက် ရယူရန် ဦးသန်းရွှေကို မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

မိုးကြိုးပြင်တောင်ရွာထိပ်မှ ယခုဖယ်ရှားပေးလိုက်သည့် ရဲကင်းကို နိုဝင်ဘာလ ၁၀ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုရဲကင်းတွင် တိုင်းအကူတပ်ခွဲက ရဲမှူး ဇော်ဝင်းအောင်ဦးစီးကာ ရဲအရာရှိ ခုနှစ်ဦးနှင့် အခြားအဆင့်(အရာရှိမဟုတ်သူ) ၄၃ဦး စုစုပေါင်း ရဲတပ်ဖွဲ့အင်အား ၅၀က လုံခြုံရေးတာဝန် ယူထားခြင်းဖြစ်သည်။

အဆိုပါ လုံခြုံရေးရဲကင်းကို ပြောင်းရွှေ့ပေးရန် ဒေသခံတောင်သူများက ယခုလ ၁၁ရက်မှစတင်ကာ ရဲကင်းမပြောင်းရွှေ့မီအချိန်အထိ ဆန္ဒပြ  တောင်းဆိုမှုများ၊ နှစ်ဖက်တင်းမာမှုများ ရှိခဲ့သည်။ ထို့အပြင် ယခုလ ၁၄ရက် ည ၈နာရီခန့်ကလည်း ထိုရဲကင်းစခန်းအနီးတွင် လုံခြုံရေးရဲများနှင့် ဒေသခံတောင်သူများ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ရဲဝန်ထမ်း ကိုးဦးနှင့် ရွာသားရှစ်ဦး ဒဏ်ရာရခဲ့သည်။

ယင်းသို့ဒဏ်ရာရရှိခြင်းကြောင့် ရဲဝန်ထမ်းများက ညတွင်းချင်းပင် မုံရွာမြို့ ဆေးရုံကြီးတွင် ဆေးကုသခဲ့ပြီး ရဲဝန်ထမ်းများ၏ ရာဘာကြည်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သည့် ဒေသခံငါးဦးကမူ ၁၅ရက်နေ့က မန္တလေးဆေးရုံးကြီးတွင် ဆေးကုသမှုခံယူခဲ့သည်။

ယင်းသို့ ပဋိပက္ခဖြစ်ပွားသောညတွင်းချင်းပင် ပဋိ့ပက္ခတွင်ပါဝင်သော ဒေသခံများက လုံခြုံရေးရဲကားများကို ခဲများနှင့် ပစ်ပေါက်ခြင်းကြောင့် ရဲကားများ ပျက်ဆီးခဲ့သည်ဟုဆိုကာ ဆားလင်းကြီး ရဲစခန်းတွင် မိုးကြိုးပြင်ရွာ သုံးရွာမှ ရွာသူရွာသား ၁၅၀ဦးအား ရဲဝန်ထမ်းများက အမှုဖွင့်ထားခဲ့သေးသည်။
ကိုတိုးကြီး
မဇ္ဈိမသတင်းဌာန