Tuesday, November 19, 2013

ဆရာကြီးဦးအောင်သင်းက ဘေးတွဲအကူတစ်ဦးဖြင့် အမျိုးသားစာပေတစ်သက်တာဆုယူရန် ဆန္ဒရှိ

နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၁၃
သုတရသစာရေးဆရာကြီး ဦးအောင်သင်းက၂၀၁၂ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆု လက်ခံရန် ဘေးမှ လူတွဲကူပြီး လက်ခံရယူသွားရန် ဆန္ဒရှိကြောင်း ဆရာဦးအောင်သင်းက မဇ္ဈိမကို ပြောသည်။

ဆရာကြီးဦးအောင်သင်းသည် အသက် (၈၇)နှစ်အရွယ်ရှိပြီဖြစ်ပြီး အသက်အရွယ် ကြီးရင့်ပြီဖြစ်သည့် အတွက် တစ်ဦးတည်း ထိုင်နိုင်၊ ထူနိုင်ခြင်းမရှိသည့်အတွက် ဆုလက်ခံရယူရန် ဘေးတွဲအကူတစ်ဦးဖြင့် လက်ခံရယူရန် ဆန္ဒရှိခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် အမျိုးသားစာပေဆုများနှင့် စာပေဗိမာန်စာမူဆုကို ဒီဇင်ဘာ ၃ ရက် (နတ်တော်လဆန်း ၁ ရက်) နံနက် ၉ နာရီတွင် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ပေးအပ်ချီးမြှင့်မည် ဖြစ်သည်။ အဆိုပါ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ရန် ၂၀၁၂ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆုရှင် သုံးဦးအနက် ဆရာကြီးဦးအောင်သင်း(အောင်သင်း)က အထက်ပါအတိုင်း ဆန္ဒရှိကြောင်း ပြောကြားခြင်းဖြစ်သည်။

ဆရာကြီးဦးအောင်သင်းက “အသက်ကလည်းကြီးပြီ အခုမြင်တဲ့အတိုင်းပဲ မထိုင်နိုင်တော့ ထူ ထူထောင် ထောင်ဖြစ်လို့ လမ်းလျှောက်နိုင်တယ်ဆိုရင်တော့ သွားယူဖို့က တစ်ယောက်ထဲ ယူလို့မရဘူး။ တပည့် တွေကလည်း လဲမှာစိုးရိမ်ကြတယ်။ အသက်ကြီးလာတော့ အရိုးတွေက ပွနေတော့။ ငါ့စိတ်အထင် ဒီဆု ကို ဘေးကလူတွဲပြီးတော့ မတ်တပ်ရပ်နိုင်အောင်လုပ်ပြီး ယူမယ်လို့ စိတ်ကူးထားပါတယ်။ တစ်ဦးက တွဲ ကူပြီး ယူလို့ရရင် သွားယူမယ်လို့တော့ စဉ်းစားထားတယ်”ဟု ပြောသည်။

၂၀၀၁ ခုနှစ်မှစတင်ကာ အမျိုးသားစာပေ တစ်သက်တာဆုကို ချီးမြှင့်ခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ တစ်ဦးသာ ချီးမြှင့်ခဲ့ပြီး ယခု၂၀၁၂ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုကို သုံးဦးအထိ တိုးမြှင့်ချီးမြင့်ခဲ့သည်။ အ ဆိုပါဆုကို ဆရာမကြီးဒေါ်ခင်ဆွေဦး(ခင်ဆွေဦး)၊ ဆရာကြီးဦးအောင်သင်း(အောင်သင်း)နှင့် ဆရာကြီးဦး တင်မောင်(သိပ္ပံမှူးတင်)တို့ ချီးမြှင့်ခြင်းခံခဲ့ရပြီး ယခုနှစ်တွင် ဆုကြေးငွေအဖြစ် တစ်ဦးလျှင် ကျပ်၁၅သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ထားသည်။

ဆရာကြီးဦးအောင်သင်းက ရရှိသည့် ဆုကြေးငွေ အသုံးပြုသွားမည့်အကြောင်းကို “ငါ့မှာ ထမင်းစားစရာ မှမရှိဘဲ အဲ့ဒီပိုက်ဆံကို အခြားသုံးလိုက်ရင် ငါက ဘယ်မှာ သွားစားရမလဲ။ ငါ့မှာ လိုအပ်တာလေးတွေရှိ တယ် အဲ့ဒါအတွက် မျက်စိမကောင်းဘူး၊ သွားမကောင်းဘူး။ အဲ့ဒီအတွက် သုံးဖို့ နိုင်ငံတော်ကပေးတယ် လို့ မှတ်ယူတယ်။ ရတဲ့ပိုက်ဆံကို နိုင်ငံတော်က စာတွေထပ်ဖတ်ဖို့ မျက်စိအတွက် ကုပေးလိုက်တယ်။ စားဖို့အ တွက်၊ ၀ါးဖို့အတွက် သွားတွေလုပ်ပေးလိုက်တယ်လို့ အောက်မေ့တယ်”ဟု ပြောသည်။

၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ကို ယခင် ဆုချီးမြှင့်ငွေထက် အမျိုးသားစာပေတစ်သက်တာဆုကို ကျပ်ငါးသိန်း၊ အမျိုးသားစာပေဆုကို ကျပ်ငါးသိန်းနှင့် စာပေဗိမာန် စာမူဆုကို ပထမဆုအား ကျပ်သုံးသိန်း၊ ဒုတိယဆုအား ကျပ်တစ်သိန်းခွဲ၊ တတိယဆုအား ကျပ်တစ်သိန်း တိုးမြှင့်ထားသည်။

၂၀၁၂ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုအတွက် သုံးဦး၊ အမျိုးသားစာပေဆုအတွက် ၁၃ ဦးနှင့် စာပေဗိမာန်စာမူဆုအတွက် ၁၃ ဦးတို့ကို ချီးမြှင့်မည်ဖြစ်သည်။
ဝေမာသိမ့်
Mizzima - News in Burmese