Friday, November 29, 2013

လေကြောင်းကာကွယ်ရေးဇုန်တွင် တရုတ်တိုက်လေယာဉ်များ ပျံသန်း

29 Nov 2013
တရုတ်နိုင်ငံသည် ၎င်းတို့သဘောအတိုင်း လေကြောင်းကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ထားရာ ဒေသသို့ တိုက်လေယာဉ်များ စေလွှတ် ပျံသန်းစေခဲ့ကြောင်း သိရှိရသည်။ အငြင်းပွားဖွယ် အခြေအနေများ ဖြစ်ပေါ်နေသည့် ကြေညာချက်နှင့် ပတ်သက်ပြီး ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့က တရုတ်၏ သတ်မှတ်ချက်ကို အသိအမှတ် လုံးဝမပြုကြောင်း တုံ့ပြန်ထားသည်။ တရုတ်က အဆိုပါ ဒေသတွင် ပျံသန်းလာသည့် လေယာဉ်များ အနေဖြင့် မိမိတို့ကို ကြိုတင် အကြောင်းကြား အသိပေးမှုများ ပြုလုပ်ရန် လိုအပ်လိမ့်မည်ဟု ပြောကြားထားသည်။

ထို့အပြင် ယင်းခြေလှမ်းသည် လုံခြုံရေးအတွက် အရေးပါသော အစီအမံ တစ်ခုဟုလည်း တရုတ်က ဆိုသည်။ သို့သော်လည်း အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ အားလုံးက လုံးဝအလေးမထားဘဲ တရုတ်က သတ်မှတ်ထားသည့် ကာကွယ်ရေးဇုန် ပင်လယ်သမုဒ္ဒရာ အထက်တွင် စစ်ဘက်ဆိုင်ရာ လေယာဉ်များကို ပျံသန်းပြခဲ့ကြသည်။ ထို့နောက်တွင်မူ တရုတ်ကလည်း ယင်းနေရာတွင် တိုက်လေယာဉ်များ စေလွှတ်ခဲ့ကြောင်း လေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး ရှန်ဂျင်ကီ၏ အဆိုကို ကိုးကားပြီး Xinhua သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။

မိမိတို့သည် ကင်းလှည့် တိုက်လေယာဉ် တပ်ဖွဲ့များကို လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များအရ ယင်းဇုန်နေရာသို့ စေလွှတ်ခဲ့ကြောင်း ဗိုလ်မှူးကြီး ရှန်ကဆိုသည်။ တရုတ်၏ လေကြောင်းကာကွယ်ရေးဇုန် သတ်မှတ်ချက်သည် ဂျပန်နှင့် ပိုင်ဆိုင်မှု အငြင်းပွားနေပြီး ဂျပန်အစိုးရက ထိန်းချုပ်ထားသည့် ဒိုင်အိုယူ ကျွန်းစုပေါ်တွင်ပါ ဖြန့်ကျက်အကျုံးဝင်နေသည်။ ဂျပန်တို့က ဆန်ကာကူဟု ခေါ်ဝေါ်သော ယင်းကျွန်းစုကို ထိုင်ဝမ်ကလည်း ပိုင်ဆိုင်ခွင့်အတွက် အရေးဆိုထားကြောင်း သိရှိရသည်။
Planet Myanmar Network