Wednesday, November 13, 2013

ယာဉ်ထိန်းအဖွဲ့မှ ကောက်ခံသည့် ဒဏ်ကြေးငွေများပြားဟု ဒေသခံများဆို

သီပေါ၊ နိုဝင်ဘာ ၁၃။
သီပေါမြို့နယ်အတွင်း ယာဉ်ထိန်းအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့စုံ ပူးပေါင်း၍ လုပ်ဆောင်သောယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများတွင် ကောက်ခံသည့် ဒဏ်ကြေးငွေမှာ များနေကြောင်း ဒေသခံ များက ပြောကြသည်။

ဒဏ်ကြေးကောက်ခံရာတွင် ဦးထုပ်မဆောင်းသူများဖြစ်လျှင် တရားရုံးဒဏ်ကြေး (၂၀၀၀) ကျပ် ပေးဆောင်ရပြီး ကျန်ငွေ(၁၀၀၀၀) မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ရံပုံငွေအဖြစ် ကောက်ခံကြောင်း စစ်ဆေးရေးဂိတ်မှ မိသူ တစ်ဦးလျှင် ဒဏ်ငွေ (၁၂၀၀၀) ပေးဆောင် ရကြောင်း ပေးဆောင်ခဲ့ရသော ဒေသခံတစ်ဦးက ပြောသည်။

“Supply Check မလုပ်နဲ့လို့ မပြောပါဘူး။ လုပ်တဲ့အချိန်က အဖိတ်နေ့တွေလည်း လုပ်တာမျိုးရှိတယ်။ အဲ့ဒီအချိန်ဆို ရွာကလူတွေ လာတာများတယ်။ ဒီတော့ ရွာသားတွေပဲ ခံရတာများတယ်”ဟု သီပေါမြို့၊ ရွှေကျောင်းရပ်ကွက်အတွင်း ဆိုင်ခန်းဖွင့်ထားသူတစ်ဦးက ပြောသည်။

ယင်းသို့ ယာဉ်စည်းကမ်း စစ်ဆေးရေးများ လုပ်လာသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုအချိန်ထိ ရရှိငွေများ အပေါ်တွင် ဒေသခံများအား ပွင့်လင်းမြင်သာစွာ ချပြမှုမရှိကြောင်း ဒေသခံများမှ သုံးသပ်ပြောကြားသည်။

“ဒီရတဲ့ ဒဏ်ကြေးငွေ တစ်သောင်းက မြို့မိမြို့ဖကို အပ်ရတယ်လို့ ပြောတယ်။ အခု သီပေါမှာ လိုနေတာက
မီးပွိုင့်တွေပါ၊ မီးပွိုင့်လုံးဝမရှိတော့ ခရီးသွားတွေက တစ်နှစ်ထက်တစ်နှစ် များလာသလို ဆိုင်ကယ်တွေ လည်းပေါလာတယ်။ ဒါ့ကြောင့်မို့လို့ ဒီကိစ္စကို ပွင့်လင်းမြင်သာစွာ လုပ်ပေးသင့်ပါတယ်”ဟု သီပေါမြို့၊ ဇာတ်စုရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စအတွက် သီပေါမြို့၊ ယာဉ်ထိန်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကို တွေ့ဆုံမေးမြန်းရာ ၎င်းတို့အနေဖြင့် အဖိတ်နေ့တွင် Supply Check ပြုလုပ်သည် ဆိုသည်မှာ ကျေးရွာများမှ ရွာသားများအား ဦးထုပ်ဆောင်းစေရန်အတွက် ဖြစ်ကြောင်း ၎င်းကဲ့သို့ နေ့ရက်များတွင် ဒဏ်ကြေးငွေ မကောက်ခံ ပါကြောင်း ကျေးရွာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ပညာပေးဆောင်ရွက်
မှုများလည်း ပြုလုပ်လျက် ရှိနေပါကြောင်း၊ ဒေသအတွက် လိုအပ်နေသော မီးပွိုင့်များကိုလည်း ၀ယ်ယူထားပြီးဖြစ်ကာ မကြာမီ တပ်ဆင်သွားမည်ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းခဲ့သည်။
စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်