Friday, November 29, 2013

အာဏာရပါတီနှင့် စစ်တန်းလျားများသို့ ထိုင်းအတိုက်အခံများ ချီတက်ဆန္ဒပြ

29 Nov 2013
ထိုင်းနိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများသည် စစ်တပ်နှင့် အာဏာရပါတီ ဌာနချုပ်တို့သို့ ဦးတည်ချီတက် ဆန္ဒပြလာကြောင်း သိရှိရသည်။ ရာနှင့်ချီသော ဆန္ဒပြသူများသည် ဘန်ကောက်တွင် စုရုံးပြီး စစ်ဌာနချုပ်များသို့ ဦးတည်ခဲ့သည်။ ထို့အပြင် ဆဋ္ဌမနေ့ ဆန္ဒပြပွဲတွင် လက်ရှိ ဝန်ကြီးချုပ် ယင်လက်ခ် ရှီနာဝါထရာ၏ ကိုယ်စားပြု ပါတီဌာနချုပ်သို့ပါ ချီတက်ကြခြင်း ဖြစ်သည်။ ကြာသပတေးနေ့တွင် ဝန်ကြီးချုပ်က ဆန္ဒပြမှုများကို ရပ်ဆိုင်းပြီး အတိုက်အခံနှင့် အစိုးရတို့ကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သော်လည်း အခြေအနေမှာ တိုးတက်မှု ရှိမလာခဲ့ချေ။

ဘန်ကောက်ရှိ ဒေသခံ သတင်းဌာနများက ဆန္ဒပြသူများသည် ဂိတ်တံခါးတစ်ခုကို ချိုးဖျက်ကာ စစ်ဌာနချုပ် တစ်ခုတွင် မိမိတို့ကို ကူညီပေးပါရန် ဝင်ရောက် တောင်းဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင်မူ တစ်စုံတစ်ရာ ပြဿနာ မရှိဘဲ ပြန်လည် ရုတ်သိမ်းသွားကြသည်။ ဝန်ကြီးချုပ် ယင်လက်ခ်သည် အယုံအကြည်မရှိအဆို တင်သွင်းခံရမှုမှ လွတ်မြောက်လာပြီးနောက် ညှိနှိုင်းရေး လမ်းစဉ်ကို ကျင့်သုံးရန် အတိုက်အခံတို့အား တောင်းဆိုခဲ့သည်။ သို့သော်လည်း ဆူသက်ပ် သောင်ဆူဘန် ဦးဆောင်သော ဆန္ဒပြသူများက ယင်းကို ပယ်ချထားသည်။

သောကြာနေ့တွင် ဆန္ဒပြသူ (၁၀၀၀၀)မျှသည် အတားအဆီးများကို ဖယ်ရှားကာ အာဏာရပါတီ ဌာနချုပ် အဆောက်အအုံရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။ သို့သော်လည်း မည်သည့် အဆောက်အအုံများ အတွင်းသို့မျှ ဝင်ရောက်ခဲ့ခြင်း မရှိဟု မျက်မြင်များက ဆိုသည်။ ဆန္ဒပြသူ အချို့က စစ်တပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စစ်တပ်အနေဖြင့် မိမိတို့၏ လှုပ်ရှားမှုကို ထောက်ခံပေးရန် တောင်းဆိုခဲ့ကြသည်။ အာဏာရ ဖူထိုင်းပါတီ အဆောက်အအုံ အနီးတဝိုက်တွင်မူ ဆန္ဒပြသူ အရေအတွက် တိုးပွားလာခြင်းကြောင့် လုံခြုံရေး အစီအမံများ မြှင့်တင်ထားကြောင်း သိရှိရသည်။
Planet Myanmar Network