Saturday, November 30, 2013

မြန်မာနိုင်ငံတွင် မူးယစ်ဆေး အကြောတွင်းထိုးသွင်းသူ ခုနစ်သောင်းခွဲနီးပါး ရှိဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၉
ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးမှု အများဆုံးနှင့် မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချရာဒေသ စာရင်းဝင် မြန် မာနိုင်ငံတွင် မူးယစ်ဆေး အကြောတွင်း ထိုးသွင်းသူ ခုနစ်သောင်းခွဲနီးပါး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန အမျိုးသား ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက် (NAP) ၏ စီမံချက် မန်နေဂျာ ဒေါက်တာမြင့်ရွှေက The Voice သို့ ပြောကြားသည်။

အဆိုပါ ခန့်မှန်း လူဦးရေစာရင်းကို ကုလသမဂ္ဂ၊ နိုင်ငံတကာ ပညာရှင်များနှင့် အစိုးရဝန်ကြီးဌာန တာဝန်ရှိ သူများ ပူးပေါင်း တွက်ချက်ထားခြင်း ဖြစ်သည်။

ယင်းသို့ မူးယစ်ဆေး အကြောတွင်း ထိုးသွင်းသူ များပြားခြင်းကြောင့် HIV ပိုး ကူးစက်နှုန်း လျော့ကျစေရန် ကျန်းမာရေး ဝန်ကြီးဌာနက တစ်ခါသုံး ဆေးထိုးအပ်များ ဖြန့်ဝေခဲ့ရာ ယခုနှစ်တွင် သုံးစွဲသူ အားလုံး၏ ၃၀ ရာခိုင်နှုန်းကို အခမဲ့ ဖြန့်ဝေနိုင်ခဲ့ကြောင်း စီမံချက် မန်နေဂျာ ဒေါက်တာ မြင့်ရွှေက ပြောဆိုသည်။

အလားတူ မူးယစ်ဆေး စွဲနေသူ ငါးထောင်နီးပါးကိုလည်း ဘိန်းအုပ်စု စာရင်းဝင် Methadone ဆေးဝါး များနှင့် အစားထိုး ကုသမှုများ ပြုလုပ်ပေးလျက် ရှိပြီး လာမည့် ၂၀၁၆ ခုနှစ်တွင် မူးယစ်ဆေး စွဲ နေသူ ၈၅၀၀ ဦးအထိ တိုးမြှင့် ကုသသွားရန် စီစဉ်ထားကြောင်း အမျိုးသား ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက်စာရင်းများအရ သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနက မူးယစ်ဆေးဝါး သုံးစွဲသူများကို တစ်ခါသုံးအပ်များ ဖြန့်ဝေမှု၊ Methadone ဆေး ဝါးများနှင့် အစားထိုး ကုသမှုများသည် တည်ဆဲဥပဒေများနှင့် မကိုက်ညီသော်လည်း ကူးစက်နှုန်း အမြင့်ဆုံး အုပ်စု ဖြစ်သောကြောင့် အဆိုပါ နည်းလမ်းများဖြင့်သာ HIV ပိုး ကူးစက်နှုန်းကို တားဆီးနိုင်ကြောင်း ဆေး ပညာရှင်များက ဆိုသည်။

လက်ရှိ အချိန်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ များပြားသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ အဆိုပါ အစီအစဉ်များ ဆောင်ရွက်နေပြီး နိုင်ငံတကာ ရန်ပုံငွေများနှင့် အစိုးရ ကျန်းမာရေး အသုံးစရိတ် ပိုရရှိ လာလျှင် စီမံချက်ဒေသများ တိုးမြှင့်သွားရန် ရှိကြောင်း ဒေါက်တာမြင့်ရွှေက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ နှစ်သိန်း နီးပါး HIV ပိုး ကူးစက်ခံထားရပြီး AIDS ရောဂါကြောင့် သေဆုံးသူ ဦးရေသည် တစ်သောင်းနှစ်ထောင် ဝန်းကျင် ရှိကြောင်း UNAIDS ၏ ၂၀၁၃ ခုနှစ် အာရှနှင့် ပစိဖိတ်ဒေ သတွင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
The Voice Weekly