Monday, November 18, 2013

ပန်တဂွန်က ဘတ်ဂျက်ပြတ်လတ်မှုအပေါ် သတိပေးသံထွက်

အမေရိကန်၊ နိုဝင်ဘာ ၁၈။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂဲလ်က ဘတ်ဂျက်များ အဆမတန် လျော့ချလိုက်ခြင်းသည် အမေရိကန်၏ လုံခြုံရေးနှင့် ကမ္ဘာ့တစ်ဝန်းရှိ အမေရိကန်စစ်သည်တို့၏ အခန်းကဏ္ဍတွင် ခြိမ်းခြောက်မှုများ ပိုမိုကြုံတွေ့လာ လိမ့်မည်ဟု ဆိုလိုက်သည်။

နိုဝင်ဘာ ၁၆ရက်တွင် ကယ်လီဖိုးနီးယားတွင် ကျင်းပသည့် ကာကွယ်ရေးညီလာခံတစ်ခုတွင် ချက်ခ်ဟေဂဲလ်က အမေရိကန်သည် မမျှော်လင့်နိုင်သော ခြိမ်းခြောက်မှုများနှင့် အလောင်းအစားလုပ်နေရချိန်တွင် စရိတ်များ ဖြတ်တောက် လိုက်ခြင်းသည် အလျှင်စလိုနိုင်လွန်း သည်ဟု ဆိုလိုက်သည်။

ကာကွယ်ရေးဝန်ကြီးဌာနအတွက် ဆယ်စုနှစ်တစ်ခု နည်းပါး လျော့ချခံရသည့် ဘတ်ဂျတ်ကို ပေါင်းကြည့်လျှင် သန်းပေါင်းတစ်သန်း ရှိနေပြီး၊ ဆိုးရွားသည့် ရွေးချယ်ဆုံးဖြတ်ချက် သဖွယ်ဖြစ်နေ၏။ လာမည့်နှစ် ၂၀၁၄ခုနှစ်တွင် ပန်တဂွန်မှ ဘတ်ဂျက် ၁၀ ရာခိုင်နှုန်းအထိ
ဖြတ်တောက်ဦးမည်ဖြစ်ရာ စစ်ရေးလေ့ကျင့်မှုများ လျော့ချရမည့် အသွင်ဆောင်နေသည်။

ပြီးခဲ့သော မတ်လမှ စတင်ကာ ရေတပ်၏ ပုံမှန်လေ့ကျင့်ခန်းများကို ၁၅ရာခိုင်နှုန်းအထိ လျော့ချခဲ့စဉ်ကတည်းက ရေတပ်အပေါ် စိတ်ဝင်စားမှုနှင့် တပ်သားအဖြစ်လာလျှောက်သူ ၁၀ရာခိုင်နှုန်း အထိ သိသိသာသာ ကျဆင်းခဲ့သည်။ လေတပ်၏ လေ့ကျင့်ခန်းများကိုလည်း ၂၅ရာခိုင်နှုန်းအထိလျော့ချထားရကြောင်း တစ်ရက်တာ ကျင်းပသည့်
ရော်နယ် ရေဂင်ကာကွယ်ရေးဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


အမေရိကန် ကာကွယ်ရေးတွင် အီရတ်နှင့် အာဖဂန်နစ္စတန်တို့မှ တပ်များပြန်လည်ရုတ်သိမ်းပြီးချိန်မှ စတင်ကာ ဘတ်ဂျတ် အခက်အခဲ စတင်ခဲ့သည်။

အကယ်၍ ယခုအတိုင်းသာ ဘတ်ဂျတ်ပြတ်တောက်နေဦးမည်ဆိုလျှင် အမေရိကန် ကာကွယ်ရေးသည် မမျှော်လင့်နိုင်သော
နောက်ထပ်အန္တရာယ်ဆိုးတစ်ခု ထပ်မံပေါ်ပေါက်လာလျှင် အသင့် အနေအထားတွင် ရှိနိုင်မည် မဟုတ်ကြောင်း သတိပေး ပြောကြားခဲ့သည်။
မြန်မာ့ခေတ်
Ref: AFP