Friday, November 29, 2013

ဟောင်ကောင်ကူးတို့သင်္ဘော မတော်တဆမှု ခရီးသည် ၈၀ ဒဏ်ရာရရှိ

29 Nov 2013
ယနေ့ နံနက်အစောပိုင်းက ဟောင်ကောင်မှ မကာအိုသို့ ခုတ်မောင်းသည့် မြန်နှုန်းမြင့် ကူးတို့သင်္ဘော တစ်စင်းသည် ရေထဲမှ အမျိုးအမည်မသိ အရာဝတ္ထုတစ်ခုနှင့် တိုက်မိခဲ့ရာ လိုက်ပါလာသူ ၈၀ ဒဏ်ရာရရှိခဲ့ကြောင်း ဟောင်ကောင်ရေကြောင်းသယ်ယူပို့ဆောင်ရေးဌာနက ပြောကြားသည်။ ဒဏ်ရာရရှိသူများအနက် ၄ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း အဆိုပါဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က AFP သို့ ပြောကြားသည်။ ဟောင်ကောင်သတင်းဌာနများ၏ ပြောကြားချက်အရ မတော်တဆမှုဖြစ်ပွားသည့် သင်္ဘောမှာ မြန်နှုန်းမြင့် လျှပ်ပြေးရေယာဉ်တစ်စင်းဖြစ်ကြောင်း သိရသည်။ ယခု ဖြစ်ရပ် သည် ဟောင်ကောင်ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် လူ ၃၉ ဦးသေဆုံးခဲ့သော အဆိုးရွားဆုံး ပင်လယ်ပြင်မတော်တဆမှု နှစ်ပတ်လည်နေ့ ကျင်းပအပြီး တစ်လအကြာတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ဒေသစံတော်ချိန် ယနေ့ နံနက် ၁း၂၀ ဝန်းကျင်တွင် ဟောင်ကောင် အစွန်အဖျားပိုင်ရှိ ဟိုင်လင်ချူး ကျွန်းငယ်အနီး ကူးတို့သင်္ဘော မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။ ကူးတို့သင်္ဘောပေါ်တွင် ခရီးသည် ၁၀၅ ဦးနှင့် သင်္ဘောဝန်ထမ်း ၁၀ ဦး လိုက်ပါလာကြောင်း သိရသည်။ ရေထဲမှ တစ်စုံတစ်ခုဖြင့် ရုတ်တရက် တိုက်မိသည့် ကျယ်လောင်သောအသံနှင့်အတူ သင်္ဘောမှာ အပေါ်ဘက်သို့ မြောက်တက်သွားပြီး လိုက်ပါလာသူ အများအပြားမှာလည်း ၎င်းတို့၏ ထိုင်ခုံများမှ မြောက်တက်သွားသည်ဟု ခရီးသည်တစ်ဦး က ပြောကြားကြောင်း ဟောင်ကောင်သတင်းဝက်ဘ်ဆိုက် Apple Daily က ဖော်ပြသည်။

RTHK သတင်းဝက်ဘ်ဆိုက်က ခရီးသည်တစ်ဦးအား အရေးပေါ်ဝန်ထမ်းများက လူနာထမ်းစင်ဖြင့် သယ်ဆောင်လာသည့် ပုံကို ဖော်ပြခဲ့သည်။ ဒဏ်ရာရရှိသည့် ခရီးသည်များ၏ အသေးစိတ်အချက် အလက်ကို မသိရှိရသေးကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။ မတော်တဆမှုဖြစ်ပွားသည့် ကူးတို့သင်္ဘောမှာ "Madeira" အမည်ရှိ သင်္ဘောဖြစ်ကြောင်း ဟောင်ကောင်အစိုးရက အတည်ပြုပြောကြားသော်လည်း အခြား အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးချေ။ ကူးတို့သင်္ဘောသည် ဟောင်ကောင်ဆိပ်ကမ်းမှ ထွက်ခွာအပြီး ၁၅ မိနစ်ခန့်အကြာတွင် ရေထဲမှ အမည်မသိ အရာဝတ္တုနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း RTHK က ဖော်ပြသည်။ မတော်တဆမှု ဖြစ်ပွားစဉ် ကူးတို့သင်္ဘောမှာ အရှိန်ပြင်းစွာ ခုတ်မောင်းနေခြင်းမရှိသေးသဖြင့် ဒဏ်ရာရရှိမှု အခြေအနေ ဆိုးဆိုးရွားရွား မဖြစ်ပေါ်ခဲ့ကြောင်း ခရီးသည်တစ်ဦးက ပြောကြားသည်။
Planet Myanmar Network