Thursday, November 14, 2013

ရုရှားထံမှ ရဟတ်ယာဉ်များ ဝယ်ယူမည့်အစီအစဉ် အမေရိကန် ပယ်ဖျက်

ရုရှားက ဆီးရီးယားအစိုးရအား လက်နက်များ ပေးပို့မှုအပေါ် အမေရိကန်လွှတ်တော်အမတ်များက ဖိအားပေးဝေဖန်ခဲ့ပြီးနောက် ရုရှားရဟတ်ယာဉ် ဝယ်ယူမည့်အစီအစဉ်ကို ဝါရှင်တန်အစိုးရက ပယ်ဖျက် လိုက်ခြင်းဖြစ်


Nov 14 13
အမေရိကန်ပြည်ထောင်စုသည် အာဖဂန်နစ္စတန်လေတပ်အတွက် ရုရှားနိုင်ငံမှ ရဟတ်ယာဉ်များ ဝယ်ယူမည့် အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီဖြစ်သည်။ ရုရှားက ဆီးရီးယားအစိုးရအား လက်နက် များ ပေးပို့မှုအပေါ် အမေရိကန်လွှတ်တော်အမတ်များက ဖိအားပေးဝေဖန်ခဲ့ပြီးနောက် ရုရှားရဟတ်ယာဉ် ဝယ်ယူမည့်အစီအစဉ်ကို ဝါရှင်တန်အစိုးရက ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။ မူလက အာဖဂန်နစ္စတန်လေ တပ်အတွက် လိုအပ်သည့် စစ်ဘက်သုံး ရဟတ်ယာဉ်များကို ရုရှားအစိုးရပိုင် Rosoboronexport ထံမှ ဝယ်ယူရန် အမေရိကန်က စီစဉ်ထားခြင်းဖြစ်သည်။



အာဂဖန်တွင်အသုံးပြုရန် ရုရှားထုတ် Mi-17 ရဟတ်ယာဉ် ၁၅ စင်း ထပ်မံဝယ်ယူမည့်အစီအစဉ်ကို ပင်တဂွန်အနေဖြင့် ကန့်ကွက်ရန် တက္ကဆက်ပြည်နယ် ရီပတ်ဘလစ်ကင်အမတ်တစ်ဦးက လွှတ်တော်မှ တစ်ဆင့် ဖိအားပေးခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ နီးစပ်သည့် သတင်းရင်းမြစ်၏အဆိုအရ ဝယ်ယူရန် စီစဉ်ထားသည့် ရဟတ်ယာဉ်များတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၄၅ သန်းဖြစ်ကြောင်း သိရသည်။ ရဟတ်ယာဉ်များ ဝယ်ယူရေးအတွက် ဘတ်ဂျတ်တောင်းခံမည့် အစီအစဉ်ကို ပြောင်း လဲလိုက်ပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က Reuters သို့ ပြောကြားသည်။

ပင်တဂွန်၏ မူလအစီအစဉ်အရ ရုရှားကုမ္ပဏီ Rosoboronexport ထံမှ Mi-17 ရဟတ်ယာဉ်သစ် ၆၅ စင်း ဝယ်ယူရန် လျာထားခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံဖြစ်သည်။ ထိုအစီအစဉ်အရ ရဟတ်ယာဉ်မည်မျှကို ဝယ်ယူထားပြီးဖြစ်ကြောင်းကိုမူ မသိရှိရချေ။ ရုရှားထံမှ ရဟတ်ယာဉ်များ ဝယ် ယူခြင်းမှာ ၂၀၁၄ ခုနှစ် နှစ်ကုန်တွင် အာဖဂန်မှ အမေရိကန်တပ်များ ဆုတ်ခွာသည့်အခါ အာဖဂန်လေတပ် အတွက် အကောင်းဆုံး အထောက်အပံ့ပေးနိုင်ရန်ဖြစ်ကြောင်း ဝါရှင်တန်အစိုးရကဆိုသည်။

သို့သော် ရုရှားအစိုးရပိုင် Rosoboronexport အနေဖြင့် ဆီးရီးယားသို့ လက်နက်ပေးပို့မှုနှင့် ရဟတ်ယာဉ်များ၏ ကုန်ကျစရိတ်ကို အမေရိကန်လွှတ်တော်က ထောက်ပြဝေဖန်ခဲ့သည်။ ရုရှားအစိုးရကမူ ဆီးရီးယားသို့ လက်နက်များ ပေးပို့ခြင်းမှာ ယခင် ချုပ်ဆိုထားသော စာချုပ်အရသာဖြစ်ပြီး ထိုသို့ လက်နက်ပေးပို့မှုမှာလည်း နိုင်ငံတကာဥပဒေအတွင်းမှသာဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
Planet Myanmar Network