Tuesday, November 19, 2013

တစ်လခံ ဂျီအက်စ်အမ်ကတ် ဆီးဂိမ်း လာရောက်ကြည့်ရှုမည့် နိုင်ငံခြားသားများအတွက် ရောင်းပေးမည်

အားကစားသမားများနှင့်တာဝန်ရှိသူများအတွက် သုံးလခံဆင်းမ်ကတ် သုံးသောင်း အခမဲ့ပေးမည်
နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၁၃
ရန်ကုန် (မဇ္ဈိမ)။ ။ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း အားကစားပြိုင်ပွဲကို လာရောက်ကြည့်ရှုမည့် နိုင်ငံခြားသားဧည့်သည် များအတွက် တစ်လသက်တမ်းရှိသော ဂျီအက်စ်အမ်ဆင်းမ်ကတ် ၅၀,၀၀၀ခန့်ကို ရောင်းချပေးသွား မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နေပြည်တော်ကောင်စီ ဒုတိယ အထွေထွေ မန်နေဂျာ ဦးသိန်းဟုတ်က နိုဝင်ဘာ ၁၉ တွင် မဇ္ဈိမကို ပြောသည်။

နိုင်ငံတကာမှ ဆီးဂိမ်းပြိုင်ပွဲ လာရောက်ကြည့်ရှုမည့် ပရိတ်သတ်များကို အခကြေးငွေဖြင့် ဖုန်းဆင်းမ် ကတ်များ ရောင်းချပေးမည့်အပြင် ပြိုင်ပွဲဝင် နိုင်ငံများမှ အားကစားသမားများ ၊ ဒိုင်လူကြီးများ ၊အားကစား နည်းပြများနှင့် နိုင်ငံတာဝန်ရှိသူများကိုလည်း သုံးလသက်တမ်းရှိ ဆင်းမ်ကတ် ၃၀,၀၀၀ ခန့်အထိ အခမဲ့ ပေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။

ဦးသိန်းဟုတ်က“ အားကစားသမားတွေ ၊ ဒိုင်တွေနဲ့ တာဝန်ရှိသူတွေအတွက်ကတော့ သုံးလအထိ အသုံးပြုနိုင်မယ့် ဆင်းမ်ကတ် သုံးသောင်းခန့်ကို အလကားပေးသွားမယ်။ အဲဒီ ဆင်းကတ် သုံးသောင်းကိုလည်း အားကစား ၀န်ကြီးဌာနဘက်ကို လွှဲပေးလိုက်ပြီ ။ သူတို့ဘက်က စီမံပြီး အချိုးကျ ပေးလိမ့်မယ်။ တခြား ပွဲလာကြည့်မယ့် ပရိတ်သတ်တွေ အတွက်ကတော့ ကျပ်နှစ်သောင်းနဲ့ တစ်လခံ ဆင်းမ်ကတ်တွေ ရောင်းချပေးသွားမယ်"ဟု ပြောသည်။

အားကစားသမားများကို ဆင်းမ်ကတ်များ အခမဲ့ ပေးခြင်းနှင့် ပတ်သက်ပြီး အားကစားဝန်ကြီးဌာမှ၊ ဒုတိယ ညွှန်ကြားရေးမှုး ဦးထွန်းမြင့်ဦးက“ ဆီးဂိမ်း ပြိုင်ပွဲဝင် နိုင်ငံတွေက အားကစားသမားတွေ နဲ့ ဒိုင်လူကြီး ၊ တာဝန်ရှိသူတွေ အားလုံးကို သူတို့ ဒီကို ရောက်ရှိတဲ့ အချိန်မှာ စတင် ထုတ်ပေးသွားဖို့ စီစဉ်ထားပါတယ်" ဟုပြောသည်။

ယင်းကဲ့သို့ ကာလတို အသုံးပြုနိုင်မည့် ဂျီအက်စ်အမ် ဆင်းမ်ကတ်များသည် ပြည်တွင်း ဖုန်းခေါ်ဆိုမှု အပြင် ပြည်ပ ဖုန်းခေါ်ဆိုမှုများလည်း အသုံးပြုနိုင်ရန်အတွက် Roaming စနစ်များ ဖွင့်လှစ်ပေးထား သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ဦးထွန်းမြင့်ဦးက“ပြည်ပ ဖုန်းခေါ်ဆိုမှုများလည်း အသုံးပြုနိုင်အောင် လိုင်းဖွင့်ထားပေးတယ်။ နောက် အဲဒီ့ ဆင်းမ်ကတ်တွေက သူတို့ သတ်တမ်းကာလအတွင်း ဖုန်းဘေလ်ကုန်လို့ ပြန်ဖြည့်ချင်ရင်လည်း ခုသုံးနေတဲ့ ဂျီအက်စ်အမ် ငွေဖြည့်ကတ်တွေနဲ့လည်း ပြန်ဖြည့်လို့ ရတယ်" ဟု ပြောသည်။

အဆိုပါ ဆင်းမ်ကတ်ဖြင့် ပြည်တွင်းဖုန်ခေါ်ဆိုခ တစ်မိနစ် ၅၀ ကျပ်ဖြင့် ကောက်ခံသွားမည် ဖြစ်ပြီး အင်တာနက် အသုံးပြုနိုင်ရန်လည်း ထည့်သွင်းပေးထားမည် ဖြစ်သည်။ ဆီးဂိမ်းအားကစားပြိုင်ပွဲကို မန္တလေး ၊နေပြည်တော် ၊ရန်ကုန်နှင့် ငွေဆောင်မြို့များတွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားသမား၉၀၀ ကျော်၊ အရှေ့တောင် အာရှနိုင်ငံများမှ အားကစားသမား ၅၀၀၀ကျော်က အားကစားနည်း ၃၃ မျိုးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အဆိုပါ တစ်လခံ GSM ဆင်းကတ်များကို ရန်ကုန်လေဆိပ်၊ မန္တလေး လေဆိပ်နှင့် နေပြည်တော် လေ ဆိပ်များအပြင် အားကစားပြိုင်ပွဲ ကျင်းပရာ အားကစားရွာများ၊ အားကစားကွင်းများတွင် လည်း ရောင်းချပေးမည့် အပြင် လက်ရှိ မြန်မာ့ဆက်သွယ်ရေး ၏ ဆင်းမ်ကတ်များကို တဆင့်ပြန် လည် ရောင်းချနေသော တွဲဖတ်လုပ်ကိုင်သည့် ကုမ္ပဏီများမှ တဆင့်လည်း ရောင်းချပေး nသွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ယင်းအပြင် ဆီးဂိမ်းအားကစားပြိုင်ပွဲ ကျင်းပရာ နေရာများတွင် ATM ငွေထုတ်စက်များ၊ ငွေလဲ ကောင်တာ များပါဝင်သည့် ရွေ့လျားဘဏ်များကို ထားရှိသွား မည်ဟု ပြည်တွင်းဘဏ်အများစုက ပြော ထားပြီး ဖြစ်သည်။
ချိုကို
Mizzima - News in Burmese