Tuesday, November 26, 2013

ဂိုးသမားကို လက်သီးဖြင့်ထိုးသည့် ပရိသတ်အား ရာသက်ပန် ပွဲကြည့်ခွင့်ပိတ်

25 Nov 2013
ဆွင်ဒန်တောင်း အသင်းသည် ပြိုင်ဘက်ဂိုးသမားကို ကွင်းထဲထိ ဝင်ရောက် ထိုးကြိတ်သည့် ပရိသတ်ကို ရာသက်ပန် ပွဲကြည့်ခွင့် ပိတ်ပင်လိုက်ကြောင်း အတည်ပြု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ လေတန်အော်ရီယန့်နှင့် ကစားသော ပွဲစဉ်တွင် အဆိုပါ ပရိသတ်သည် ကွင်းထဲကျူးကျော်လာကာ လေတန်ဂိုးသမား ဂျေမီဂျုံးစ်၏ မျက်နှာကို လက်သီးဖြင့် ထိုးခဲ့ခြင်း ဖြစ်သည်။ လေတန်က (၃-၁)ဖြင့် အနိုင်ရသော ပွဲစဉ်တွင် အသက်(၂၆)နှစ်ရှိ လူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ကြေညာသလို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)ကလည်း အဆိုပါ ကိစ္စကို မိမိတို့ စုံစမ်းမည်ဟု အတည်ပြုခဲ့သည်။ ထို့နောက်တွင်မူ ဆွင်ဒန်က ယင်းပရိသတ်ကို ရာသက်ပန် ပွဲပယ်ထားပြီဟု ကြေညာချက် ထုတ်ပြန်လာခြင်း ဖြစ်သည်။

လေတန်အနေဖြင့် ယခုပွဲအနိုင်ကြောင့် လိဂ်ဝမ်းတွင် အမှတ်ပေးဇယားထိပ် ပြန်ရောက်လာသော်လည်း ဒုတိယပိုင်းတွင် အချိန်အတော်ကြာ ဆိုင်းငံ့ထားစေရသည့် အဆိုပါ အဖြစ်အပျက်ကမူ ပွဲရလဒ်ကို အပြည့်အဝ မပျော်ရွှင်ရအောင် သက်ရောက်ခဲ့ကြောင်း အသင်းမန်နေဂျာ ရက်ဆယ်လ်ဆလိတ်ဒ်က ပြောကြားခဲ့သည်။ "မန်နေဂျာ တစ်ယောက်အနေနဲ့ ဘောလုံးကွင်းထဲမှာ ကျွန်တော်မြင်ဖူးသမျှ အဆိုးဆုံး ကိစ္စတစ်ခုပါပဲ။ ခုပွဲအနိုင်က ကျေနပ်စရာပါ။ ဒါပေမဲ့ ပရိသတ်တစ်ယောက်က ကွင်းထဲဝင်လာပြီး ကျွန်တော့် ကစားသမားကို လက်သီးနဲ့ (၃)ချက် ဆင့်ထိုးခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ကတော့ ယုံဖို့ခက်နေတုန်းပဲ"ဟု ၎င်းက ဆိုသည်။

ဆလိတ်ဒ်က "ခုတော့ ဂျုံးစ်ရဲ့ အခြေအနေက ကောင်းနေပါပြီ။ ဘာပဲဖြစ်ဖြစ် ကြုံခဲ့တဲ့ အခိုက်အတန့်ကတော့ ရုပ်ပျက်လွန်းပါတယ်။ ဒီပရိသတ်မျိုး တစ်သက်တာ ပွဲပယ်ထိုက်ပါတယ်။ ဘောလုံးပွဲတစ်ပွဲကို သူဘယ်တော့မှ ခြေချမလာသင့်တော့ဘူး"ဟု ဝေဖန်ခဲ့သည်။ ဆွင်ဒန်သည် ဆလိတ်ဒ်၏ စကားအတိုင်းပင် လက်တွေ့တွင်လည်း အဆိုပါ ပရိသတ်ကို ရာသက်ပန် ပွဲပယ်ခဲ့သည်။ လေတန်ဥက္ကဋ္ဌ မတ်ပေါ့တားကလည်း "ဆွင်ဒန်က ကွင်းထဲဝင်ပြီး ဂျုံးစ်ကို လက်သီးနဲ့ထိုးတဲ့ ပရိသတ်ကို ရာသက်ပန် ပွဲပယ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ကျွန်တော်တို့ကလည်း ဒီပရိသတ်ကို တတ်နိုင်သမျှ အပြင်းထန်ဆုံး ပြစ်ဒဏ်မျိုး ကြုံလာအောင် ဆက်ပြီး လုပ်ဆောင်ပါမယ်"ဟု Twitterတွင် ရေးသားသွားသည်။
Planet Myanmar Network