Tuesday, November 26, 2013

အစ္စလာမ်ဘာသာရေးကို ပိတ်ပင်ကြောင်း သတင်းများကို အန်ဂိုလာ ငြင်းဆို


ဗလီများကို ဘူဒိုဇာများဖြင့် ထိုးဖျက်ပစ်နေသည့် ဓာတ်ပုံများလည်း အင်တာနက်တွင် ပျံ့နှံခဲ့ပြီး အန်ဂိုလာ အစိုးရက နိုင်ငံတော် ဘာသာဖြစ်သည့် ခရစ်ယာန်ဝါဒကို အနှောင့်အယှက်ပေးသော အစ္စလာမ် ဘာသာရေးကို ဖျက်သိမ်းရန် လုပ်ဆောင်မှုအဖြစ် သတင်းများက ရေးသားခဲ့ကြ


26 Nov 2013
နိုင်ငံအတွင်း၌ အစ္စလာမ် ဘာသာရေးကို တားမြစ်ပိတ်ပင်မှုများ ပြုလုပ်နေကြောင်း သတင်းများကို အန်ဂိုလာ အစိုးရက ငြင်းချက်ထုတ် ဖြေရှင်းခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အန်ဂိုလာ နိုင်ငံတွင် အစ္စလာမ်ဝါဒ ကိုးကွယ်ကျင့်သုံးခွင့်ကို လုံးဝ တားမြစ်ပိတ်ပင်ပြီး ဗလီများကို ဖြိုဖျက်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ဗလီများကို ဘူဒိုဇာများဖြင့် ထိုးဖျက်ပစ်နေသည့် ဓာတ်ပုံများလည်း အင်တာနက်တွင် ပျံ့နှံခဲ့ပြီး အန်ဂိုလာ အစိုးရက နိုင်ငံတော် ဘာသာဖြစ်သည့် ခရစ်ယာန်ဝါဒကို အနှောင့်အယှက်ပေးသော အစ္စလာမ် ဘာသာရေးကို ဖျက်သိမ်းရန် လုပ်ဆောင်မှုအဖြစ် သတင်းများက ရေးသားခဲ့ကြသည်။ သို့သော်လည်း အမေရိကန် နိုင်ငံ၊ ဝါရှင်တန်မြို့တော်ရှိ အန်ဂိုလာ သံရုံးမှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦး၏ အဆိုကို ကိုးကားပြီး International Business Timesက ယင်းဖြစ်ရပ်ကို အစိုးရက ငြင်းဆန်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ သံရုံးပြောရေးဆိုခွင့်ရ အရာရှိက "အန်ဂိုလာဟာ ဘာသာရေး ကိုးကွယ်ယုံကြည်မှု နယ်ပယ်မှာ ဝင်စွက်ဖက်တတ်တဲ့ နိုင်ငံတစ်ခု မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။ ၎င်းက "အန်ဂိုလာမှာ ဘာသာတရား ကိုးကွယ်သူ အမျိုးမျိုး ရှိကြပါတယ်။ အန်ဂိုလာဟာ ဘာသာရေး လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတစ်ခုပါ။ ကက်သလစ်၊ ပရိုတက်စတင့်၊ ဘက်သတစ် ခရစ်ယာန်တွေအပြင် မွတ်ဆလင်တွေလည်း ရှိနေပါတယ်"ဟုလည်း ဆိုသည်။ ထို့အပြင် နိုင်ငံအတွင်း အစ္စလာမ် ဘာသာရေးကို တားမြစ်မည် ဆိုပါက တရားရေးနှင့် လူ့အခွင့်အရေး ဝန်ကြီးဌာနက ခွင့်ပြုချက် ပေးလိမ့်မည် မဟုတ်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ သို့သော်လည်း လတ်တလောတွင် နိုင်ငံအတွင်းရှိ ဗလီများကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်းမူ ၎င်းက ဝန်ခံခဲ့သည်။ Internation Business Timesသည် အန်ဂိုလာ သမ္မတ ဟိုဆေး အီဒွာဒို ဒေါ့ဆန်းတို့စ်က "ကျုပ်တို့ နိုင်ငံထဲမှာ အစ္စာလာမ်မစ် လွှမ်းမိုးမှုကို အဆုံးသတ်စေမယ်"ဟု ပြောဆိုခဲ့ကြောင်း ဖော်ပြခဲ့သည့် သတင်းဌာနလည်းဖြစ်သည်။
Planet Myanmar Network